Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ

လူအများ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းတစ်ခုကို ဆွေးနွေးချင်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ဘာကွာပါသလဲ? အကြောင်းအရာများကို မှန်ကန်သည့် ရှု့ဒေါင့်မှ ကြည့်မြင် သုံးသပ်နိုင် ရန်အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းအစကို ပြန်လှန်ရပါမည်။ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ အစနှင့် စည်ပင်ပြန့်ပွားလာမှုကို ခြေရာခံရပါမည်။

ဘီစီ ခြောက်ရာစုတွင် ဗုဒ္ဓမြတ်စွာ မွေးဖွားတော်မူခဲ့သည်။ မြတ်စွာဘုရားသည် သက်တော် ဆုံးဆယ့်ငါးနှစ်အရွယ် ဘုရားဖြစ်တော်မူချိန်မှ သက်တော် ရှစ်ဆယ်အရွယ် ပရိနိဗ္ဗာန်စံတော်မူချိန်အထိ တရားဒေသနာ ဟောကြားခြင်းဖြင့်သာ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ လူ့သမိုင်းတွင် လုံးလဝီရိယအား အကြီးဆုံးပုဂ္ဂိုလ်ဟု ဆိုနိုင်ပါသည်။ လေးဆယ့်ငါးနှစ်ပတ်လုံး တစ်နေ့လျှင် နှစ်နာရီခန့်သာ အိပ်စက် အနားယူကာ နေ့ရောညပါ တရားဟောကြားခဲ့သည်။

မြတ်စွာဘုရားသည် မင်း၊ မင်းညီမင်းသား၊ ပုဏ္ဏား၊ သူကြွယ်၊ လယ်သမား၊ သူတောင်းစား၊ ပညာရှိစသည်ဖြင့် လူတန်းစားပေါင်းစုံနှင့် စကားပြောခဲ့၊ တရားဟောခဲ့သည်။ သူဟောသည့် တရားတော်တို့မှာ နာကြားသူ ပရိသက်၏ အတွေ့အကြုံ၊ နားလည်နိုင်မှုစွမ်းအား၊ စိတ်နေသဘောထားတို့နှင့် အံဝင်ခွင်ကျ ဖြစ်သည်ချည်းသာ။ သူဟောသည့် တရားတော်တို့ကို “ဗုဒ္ဓဝစန” “ဘုရားစကားတော်” ဟု ခေါ်ဆိုခဲ့၊ သုံးနှုံးခဲ့ပါသည်။ ထိုအချိန်က ထေရဝါဒ (သို့မဟုတ်) မဟာယာနဟု ခေါ်ဆိုသုံးနှုံးခြင်း မရှိခဲ့ပါ။

မြတ်စွာဘုရားသည် ဘိက္ခုသာသနာနှင့် ဘိက္ခုနီသာသနာနှစ်ရပ်ကို တည်ထောင်တော်မူပြီးနောက် ထိုသာသနာတော် နှစ်ရပ်လုံးကို ထိန်းကျောင်းနိုင်ရန် "ဝိနယ"ဟု ခေါ်ဆိုသည့် စည်းမျည်းစည်းကမ်းတို့ကို ချမှတ်တော်မူခဲ့သည်။ ကြွင်းကျန်သည့် မြတ်စွာဘုရား၏ တရားတော်မှန်သမျှကိုပင် "ဓမ္မ" ဟု ခေါ်ဆိုရပါသည်။ ထိုဓမ္မတွင် ရဟန်းတော်များ၊ ရဟန်းမများ၊ ဥပသကာ၊ ဥပသိကာများအား ဟောကြားခဲ့သည့် တရားတော် အားလုံး ပါဝင်သည်။

ပထမသင်္ဂါယနာ


မြတ်စွာဘုရားပရိနိဗ္ဗာန်စံအပြီး သုံးလအကြာ ဘုရားရှင်၏ တပည့်သာဝကကြီးများသည် ရာဇင်္ဂြိုလ်ပြည်တွင် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အများက လေးစားကြည်ညိုကြသည့် အရှင်မဟာကဿပမှ သင်္ဂါယနာကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ဓမ္မနှင့်ဝိနယဟူသော နယ်ပယ်နှစ်ခုကို အထူးပြု လေ့လာခဲ့ပြီး အာဂုံဆောင်သူ အာဂပုဂ္ဂိုလ်ကျော် နှစ်ပါးလည်း တက်ရောက်ခဲ့သည်။ တစ်ပါးမှာ နှစ်ဆယ့်ငါးနှစ်လုံးလုံး ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်တို့ကို အနီးကပ် ပြုစုခဲ့သူ၊ ဘုရားရှင်နှင့် အနီးဆုံးနေရာတွင် နေထိုင်ခဲ့သူ အရှင်အာနန္ဒာဖြစ်သည်။ အံဖွယ် မှတ်ဉာဏ်ရှင် အရှင်အာနန္ဒာမှာ မြတ်စွာဘုရား ဟောကြားခဲ့သမျှ တရားတော်တို့ကို အာဂုံဆောင်နိုင်သူ ဖြစ်သည်။ အခြား အာဂပုဂ္ဂိုလ်တစ်ဦးမှာ ဝိနည်း ပညက်တော်အားလုံးကို မှတ်မိသူ အရှင်ဥပါလိပင် ဖြစ်သည်။

ပထမသင်္ဂါယနာတွင် ဓမ္မနှင့်ဝိနယဟူသော ကဏ္ဍကြီးနှစ်ခုသာ ရွက်ဆို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဓမ္မနှင့် ပက်သက်၍ ကွဲပြားခြားနားသည့် အမြင်မရှိခဲ့သော်လည်း (အဘိဓမ္မာအကြောင်း မဖော်ပြခဲ့) ဝိနည်းနှင့် ပက်သက်၍မူ ဆွေးနွေးစရာအချို့ ရှိခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် ဘုရားရှင်သည် အရှင်အာနန္ဒာအား “သံဃာက အလိုရှိခဲ့ပါမူ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် (သိက္ခာပုဒ် အသေးစား) တို့ကို ဖြုတ်ပယ်နိုင်ကြောင်း” မိန့်တော်မူခဲ့သည်။ ထိုစဉ်က မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန် စံတော်မူခါနီးဖြစ်၍ အရှင်အာနန္ဒာ၏ရင်တွင် သောကတို့ဖြင့် ပြည့်လျှမ်းနေခဲ့သည်။ ထို့ကြောင့် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ အဘယ်သိက္ခာပုဒ်တို့ဖြစ်ကြောင်း မြတ်စွာဘုရားကို မေးမြန်းရန် မေ့လျော့နေခဲ့သည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့နှင့် ပက်သက်၍ သင်္ဂါယနာတင် မထေရ်တို့အကြား သဘောမတူနိုင်ဘဲရှိရာ အရှင်မဟာကဿ မထေရ်မြတ်ကြီးက ဘုရားပညက်ခဲ့သည့် သိက္ခာပုဒ်တို့ကို ပြင်ဆင်ခြင်း မပြုရန်နှင့် သိက္ခာပုဒ် အသစ်တို့ကိုလည်း ဖြည့်စွက်ထည့်သွင်းခြင်း မပြုရန် နောက်ဆုံး ဆုံးဖြတ်ချက် ပေးတော်မူခဲ့ပါသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးခဲ့သော်လည်း စကားတစ်ခွန်းကိုတော့ အရှင်မဟာကဿပ မထေရ် ပြောခဲ့သည်။ “တပည့်တော်တို့အနေနှင့် ဝိနည်း ပညက်တော်တို့ကို ပြင်ဆင်ကြမည်ဆိုလျှင် လူတို့ ပြောဆိုစရာ ဖြစ်လိမ့်မည်။ သူတို့ဆရာသခင်၏ ခန္ဓာကိုယ် မီးရှို့ရာ လောင်တိုက်မှ မီးမဆဲခင် ဂေါတမဘုရားရှင်၏ တပည့်တို့သည် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ကြလေပြီ”

ပထမသင်္ဂါယနာအပြီး ဓမ္မကို နိကာယ်အလိုက်ခွဲကာ နိကာယ် တစ်ခုချင်းစီအတွက် မြတ်စွာဘုရား၏ သာဝကကြီး တစ်ပါးစီနှင့် ၎င်း၏ တပည့်တို့ကို အာဂုံဆောင်ရန် တာဝန်ခွဲပေးလိုက်ပါသည်။ ဤသို့ဖြင့် ဓမ္မကို အာဂုံဆောင်ကာ ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ နှုတ်ပယ်ခြင်း၊ ဖြည့်စွတ်ခြင်းမပြုနိုင်ရန် အချင်းချင်း ပြန်လည်တိုက်ဆိုင် စစ်ဆေးကာ ဓမ္မကို အုပ်စုလိုက် နေ့စဉ် အာဂုံရွက်ဆိုခဲ့ကြသည်။ ဖြစ်စဉ်တစ်ခုကို နှစ်ပေါင်း များစွာကြာမှ ပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်မိသလောက် ရေးသားထားသည့် မှတ်တမ်းထက် ဆရာစဉ်ဆက် အာဂုံဆောင်သည့် အလေ့အထက ပို၍ ယုံကြည်ကိုးစားနိုင်ကြောင်း သမိုင်းပညာရှင်တို့မှ သဘောတူကြသည်။

ဒုတိယသင်္ဂါယနာ


နှစ်ပေါင်း တစ်ရာအကြာ, ဝိနည်းသိက္ခာပုဒ်အချို့ကို ဆွေးနွေးရန် ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလအကြာတွင် ပြုလုပ်သည့် ပထမသင်္ဂါယနာ တင်ချိန်တွင် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ဖြည့်စွတ်ရန် မလိုခဲ့ပါ။ ထိုတိုတောင်းလှသော အချိန်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ပြောင်းလဲမှုဖြစ်စဉ် အနည်းအကျဉ်းသာ ရှိနိုင်သောကြောင့်ပင်။ နှစ်ပေါင်း တစ်ရာ အကြာမှာတော့ ရဟန်းအချို့သည် သိက္ခာပုဒ် အငယ်စားတို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ယူဆလာကြသည်။ ရှေးရိုးစွဲ ရဟန်းတော်တို့က မည်သည့်သိက္ခာပုဒ်ကိုမျှ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ပြောဆိုကြသည်။ နောက်ဆုံးမှာတော့ ရဟန်းတော်တစ်စုသည် သင်္ဂါယနာမှ ဖဲခွါကာ မဟာသံဃိကဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ မဟာသံဃိကဟု ခေါ်ဆိုခဲ့သော်လည်း မဟာယာနဟု သုံးနှုံးခဲ့ခြင်း မရှိပါ။ ဒုတိယသင်္ဂါယနာ၌ ဝိနည်းပိဋကတ်တွင် ပါရှိသည့် အကြောင်းအရာအချို့တို့ကိုသာ ဆွေးနွေးခဲ့ကြပြီး ဓမ္မနှင့် ပက်သက်၍မူ အငြင်းပွားစရာ တစုံတရာ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း မရှိပါ။

တတိယသင်္ဂါယနာ


ဘီစီသုံးရာစု၊ အသောကမင်းလက်ထက်တွင် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးရှိ ရဟန်းတော်တို့အကြား ကွဲပြားနေသည့် အမြင်တို့ကို ဆွေးနွေးနိုင်ရန် တတိယသင်္ဂါယနာ တင်ပွဲကို ကျင်းပခဲ့သည်။ ဤတတိယသင်္ဂါယနာအတွင်း ဆွေးနွေးမှုသည် ဝိနည်း ပညက်ချက်တို့နှင့် ပက်သက်သည့် အကြောင်းအရာတို့သာ မကတော့ဘဲ ဓမ္မနှင့် ပက်သက်သည့် အချက်အလက်တို့ပါ ပါဝင်လာသည်။ သင်္ဂါယနာအဆုံးတွင်တော့ ဦးစီးနာယက အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် ဂိုဏ်းအသီးသီးတို့၏ မှားယွင်းသော အမြင်၊ အယူအဆတို့ကို ရှင်းလင်းချက်ထုတ်ကာ ငြင်းပယ်သည့် ကထာဝတ္ထုကျမ်းကို ပြုစုတော်မူခဲ့သည်။ တတိယသင်္ဂါယနာတွင် လက်ခံ အတည်ပြုခဲ့သည့် ဗုဒ္ဓတရားတော်တို့သည်ပင် ထေရဝါဒအဖြစ် ထင်ရှားခဲ့ပေသည်။ တတိယသင်္ဂါယနာမှ အဘိဓမ္မာကို ပိဋကတ်တစ်ပုံအဖြစ် သက်မှက်ကာ ပိဋကတ်ထဲ ထည့်သွင်းခဲ့ပါသည်။

တတိယသင်္ဂါယနာအပြီး အသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒသည် တတိယသင်္ဂါယနာတွင် စုပေါင်းရွက်ဆို အတည်ပြုခဲ့သည့် ပါဠိတော်တို့ကို ၎င်းတို့၏ အဋ္ဌကထာတို့နှင့်အတူ သီရိလင်္ကာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သီရိလင်္ကာသို့ သယ်ဆောင်ခဲ့သည့် ပိဋကတ်သုံးပုံကို တစ်လုံးတစ်ပါဒမျှ မယွင်းစေဘဲ ယနေ့တိုင် ထိမ်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။ ထိုကျမ်းစာတို့ကို မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က အသုံးပြုခဲ့သည့် မာဂဓီဘာသာကို အခြေခံသော ပါဠိဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုအချိန်က မဟာယာနဟူ၍ ထင်ရှားမရှိသေးပါ။

မဟာယာန စတင်ပေါ်ပေါက်လာပုံ


ဘီစီ တစ်ရာစုနှင့် အေဒီ တစ်ရာစုအတွင်း သဒ္ဓမ္မပုဏ္ဏရိကာကျမ်း၌ ထေရဝါဒနှင့် မဟာယာနဟူသော အသုံးအနှုံး နှစ်မျိုး တွေ့လာရသည်။ အေဒီနှစ်ရာစုတွင်တော့ မဟာယာနဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကို တွေ့ရသည်။ နာဂဇုနမထေရ်သည် သူ၏ မဓျာမိကကာရိကာဟူသော ကျမ်းငယ်တွင် အရာရာတိုင်းသည် သုညတဖြစ်သည်ဟူသော အတွေးအခေါ်အယူအဆကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့သည်။ အေဒီ လေးရာစုတွင် အာစင်္ဂနှင့် ဝသုဗန္ဓုတို့သည် မဟာယာနနှင့် ပက်သက်သော စာပေကျမ်းဂန် အများအပြားကို ရေးသားခဲ့ကြသည်။ မဟာယာနအဖြစ် ထင်ထင်ရှားရှား ပေါ်လာသည့် အေဒီတစ်ရာစုတွင်မှ မဟာယာနနှင့် ဟီနယာနဟူသော အသုံးအနှုံးနှစ်ခုကို စတင် သုံးစွဲလာကြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့အနေနှင့် ဟီနယာနနှင့် ထေရဝါဒကို အတူတူဟု မှတ်ထင်မထားအပ်ပေ။ ထိုဝေါဟာရနှစ်ခုမှာ အသုံးအနှုံး တူညီခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသာသည် မဟာယာနဗုဒ္ဓဘာသာ လုံးဝ မပေါ်ပေါက်သေးသည့် ဘီစီ သုံးရာစုတွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဟီနယာနဂိုဏ်းသည် အိန္ဒိယနိုင်ငံတွင် စည်ပင်ပြန့်ပွားခဲ့သည်။ သီရိလင်္ကာတွင် တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာပုံစံနှင့် သီးသန့် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ဟီနယာနဗုဒ္ဓဘာသာကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ယနေ့ ကျင့်သုံးနေသည့် ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆို ရည်ညွှန်းကြသောအခါ ဟီနယာနဟူသော အသုံးအနှုံးကို မသုံးကြရန် ကိုလံဘိုမြို့တွင် ၁၉၅၀-ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များညီလာခံက တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ဟီနယာနဗုဒ္ဓဘာသာတို့၏ သမိုင်းအကျဉ်း ဖြစ်သည်။

ထေရဝါဒနှင့် မဟာယာန


ထေရဝါဒနှင့် မဟာယာနတို့၏ ကွဲပြားခြားနားချက်တို့ကို ကြည့်ကြစို့။ ကျွန်ုပ်အနေနှင့် မဟာယာန ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ လေ့လာလေလေ ဗုဒ္ဓဘာသာ၏ အဓိကတရားတော်တို့နှင့် ပက်သက်၍ ထေရဝါဒနှင့် မဟာယာနတို့အကြား ကွဲပြားခြားနားချက်ကို ရှာရန် ခက်လေလေ ဖြစ်သည်။

  • ၁။ ဗုဒ္ဓဘာသာနှစ်ခုလုံးက မြတ်စွာဘုရားကို သူတို့၏ ဆရာအဖြစ် လက်ခံကြသည်။
  • ၂။ သစ္စာလေးပါးတရားတော်မှာလည်း တစ်လုံးမကျန် အားလုံး အတူတူပင်။
  • ၃။ မဂ္ဂင်ရှစ်ပါးမှာလည်း ချွတ်ဆွတ်တူသည်။
  • ၄။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာလည်း တူသည်။
  • ၅။ ကမ္ဘာလောကကြီးကို တစ်စုံတစ်ယောက်က ဖန်ဆင်းအုပ်ချုပ်နေသည်ဟူသော အယူအဆကိုလည်း နှစ်ဂိုဏ်းလုံးက ပယ်ကြသည်။
  • ၆။ ဗုဒ္ဓဘာသာနှစ်ခုလုံးက အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကွဲပြားမှုမရှိဘဲ လက်ခံကြသည်။
အထက်ပါ တရားတော်တို့မှာ ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး၊ အရေးကြီးဆုံး တရားတော်များ ဖြစ်ကြသည်။ ထိုတရားတော်အားလုံးကိုပင် နှစ်ဂိုဏ်းလုံးက ယုံမှားသံသယမရှိဘဲ လက်ခံထားကြသည်။

ကွဲပြားသည့် အချက်အချို့လည်း ရှိပါသေးသည်။ သိသာထင်ရှားသည့် အချက်မှာ ဘုရားလောင်း အယူအဆ ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် နောက်ဆုံး ဘုရားအဖြစ်ကို ဦးတည်သည့် ဘုရားလောင်းဝါဒကို လက်ခံပြီး ထေရဝါဒက ရဟန္တာဖြစ်ရေးကိုသာ အဓိကထားသည်ဟု လူအများက ပြောဆိုကြသည်။ ကျွန်ုပ်အနေနှင့် မြတ်စွာဘုရားသည်ပင် ရဟန္တာတစ်ပါး ဖြစ်ကြောင်း ထောက်ပြလိုပါသည်။ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့် သာဝကတစ်ဦးသည်လည်း ရဟန္တာများပင် ဖြစ်ကြသည်။ မဟာယာန ကျမ်းစာများက ဟီနယာနဟူသော အသုံးအနှုံးကို အသုံးပြုလေ့ မရှိကြပါ။ ၎င်းတို့က ဗောဓိသတ္တယာန၊ ပစ္စေကဗုဒ္ဓယာန၊ သာဝကယာနဟူသော သုံးမျိုးသာ အသုံးပြုကြသည်။ ထေရဝါဒမှာတော့ ထိုသုံးမျိုးကို (ယာနအစား) ဗောဓိ-ဟု ခေါ်ဝေါ်သုံးနှုံးပါသည်။

အချို့သူများက ထေရဝါဒမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးတောလေ့ ရှိကြသည်။ သူတို့က ထေရဝါဒမှာ ကိုယ့်ဘဝလွတ်မြောက်မှုအတွက် အားထုတ်ရေးသည်သာ အဓိကကျကြောင်း သင်ကြားလေ့ရှိသည်ကို အကြောင်းပြကြသည်။ သို့သော် ၎င်းတို့ စဉ်းစားရမည်မှာ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်အနေနှင့် နိဗ္ဗာန်ကို မည်သို့ ရရှိနိုင်ပါမည်နည်း။ နှစ်ဂိုဏ်းလုံးက ယာနသုံးမျိုး (သို့မဟုတ်) ဗောဓိသုံးမျိုးကို လက်ခံကြသည်။ ဘုရားလောင်းလမ်းစဉ်ကို အမြင့်ဆုံးအဖြစ် သက်မှတ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာသည် ပုံပြင် ဒဏ္ဍာရီဆန်သည့် ဘုရားလောင်းများစွာ တီထွင်ခဲ့သည်။ ထေရဝါဒက ဘုရားလောင်းကို နောက်ဆုံးပန်းတိုင်ဖြစ်သည့် ဘုရားအဖြစ်သို့ ရောက်ရှိရန် ပါရမီဖြည့်ရင်း လူသားအားလုံးတို့၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး မြှုပ်နှံထားသူ လူသားတစ်ဦးအဖြစ်သာ ရှု့မြင်သည်။

ဗုဒ္ဓအမျိုးအစား


ကိုယ်ပိုင်အားထုတ်မှုနှင့် ကိုယ်ပိုင်အသိဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူ သမ္မာသမ္ဗုဒ္ဓ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သော်လည်း မြတ်စွာဘုရားထက် အရည်အချင်းနိမ့်သူ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့်သားတော် ရဟန္တာဖြစ်သူ သာဝကဗုဒ္ဓဟူ၍ ဗုဒ္ဓသုံးမျိုးရှိပါသည်။ ထိုဗုဒ္ဓသုံးမျိုးလုံး ရရှိခံစားရသည့် နိဗ္ဗာန်မှာ အတူတူပင် ဖြစ်သည်။ ကွဲပြားခြားနားသည်မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် အခြားဗုဒ္ဓနှစ်ပါးထက် အရည်အချင်းနှင့် စွမ်းဆောင်ရည် သာလွန်ခြင်းပင် ဖြစ်ပါသည်။

အချို့သူများက နာဂဇုနမထေရ် ဆွေးနွေးတင်ပြခဲ့သည် သုညတတရားတော်မှာ မဟာယာန သင်ကြားချက် စစ်စစ်ဖြစ်ကြောင်း ထင်မြင်ယူဆကြသည်။ အမှန်တကယ်တော့ မူရင်း ထေရဝါဒကျမ်းစာတို့တွင် တွေ့နိုင်သည့် ပဋိစ္စသမုပ္ပါဒ်ကို အခြေခံသော အနတ္တတရားတော်ကို မှီးကာ ထိုသုညတအယူအဆကို ရေးသားခဲ့ခြင်း ဖြစ်သည်။

တစ်ခါကသော် အရှင်အာနန္ဒာက မြတ်စွာဘုရားကို မေးလျောက်ခဲ့သည်။ “သုညတဟူသော စကားကို လူအများ ပြောဆိုကြပါသည်။ သုညတဆိုတာ ဘာကို ခေါ်တာပါလဲဘုရား” “အာနန္ဒာ, ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ မရှိဘူး။ လောကမှာ ငါ့ဥစ္စာဆိုတဲ့ သဘောတရားလဲ မရှိ။ ဒါ့ကြောင့် လောကကြီးက အနှစ်သာရမဲ့နေတယ်” ဟု မြတ်စွာဘုရားက ပြန်လည် ဖြေကြားခဲ့သည်။ နာဂဇုနမထေရ်သည် ထိုအယူအဆကို ကျောရိုးပြုကာ ထင်ရှားကျော်ကြားသည့် မဓျာမိကကာရိကာဟူသော ကျမ်းစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သုညတဝါဒမှာ ထေရဝါဒကျမ်းစာတို့ကို အခြေခံသည့် မဟာယာနဗုဒ္ဓဘာသာ၏ အာလယဝိညာဏ အယူအဆသာ ဖြစ်ပေသည်။ မဟာယာနဗုဒ္ဓဘာသာက ထိုအယူအဆကို နက်နဲသည့် ဒဿနိကနှင့် စိတ်ပညာအဖြစ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

အောက်ပါ အင်္ဂလိပ်ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုပါသည်။


Theravada - Mahayana Buddhism
Ven. Dr. W. Rahula
(From: "Gems of Buddhist Wisdom",
Buddhist Missionary Society, Kuala Lumpur, Malaysia, 1996)

မူရင်းဆောင်းပါးကြည့်ရန် Click

ခရစ်တော်နှင့် အိန္ဒိယ ဒဏ္ဍာရီ


ကမ္ဘာကြီးက ခရစ္စမတ်ပွဲတော်ကို ကျင်းပနေချိန်မှာ ယေရှုခရစ်တော်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ပက်သက်မှုုကို လူတွေ သတိထားမိလာကြ ပြန်ပါတယ်။ အချို့ သမိုင်းပညာရှင်များက ယေရှုခရစ်တော်ဟာ သူ့ရဲ့ အသက် (၁၂) နှစ်ကနေ (၃၀) နှစ်အထိ နှစ်ပေါင်း (၁၈)နှစ်လုံးလုံး အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓစာပေနဲ့ ဝေဒစာပေတို့ကို လေ့လာ သင်ယူခဲ့ကြောင်း ယုံကြည်ကြပါတယ်။ “ခရစ်တော်ရဲ့ မိဘတွေဟာ နာဇရက်သ် (Nazareth) မြို့မှာ နေထိုင်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် သူ နာဇရက်သ်မြို့မှာ ပြန်ပေါ်လာတော့ အသက် (၃၀) ရှိနေပါပြီ။ ပျောက်ဆုံးနေတဲ့ အချိန်အတောအတွင်း သူဟာ အသိဉာဏ်ပိုင်းနဲ့ ဂုဏ်သတင်း တက်နေပြီလို့ ယူဆရပါတယ်” အင်္ဂလိပ်လူမျိုး ရုပ်ရှင်ထုတ်လုပ်သူ ကန့် ဝဲလ်ဝင်း က Indo Asian News Service ကို ပြောပြပါတယ်။

၂၀၀၉ ခုနှစ်ရဲ့ ဒယဝတီ မိုဒီ အနုပညာဆုရှင် ဝဲလ်ဝင်းရဲ့ နောက်ဆုံး လက်ရာဖြစ်တဲ့ ‘Young Jesus: The Missing Years’ ဆိုတဲ့ ဒီ ရုပ်ရှင်ကားဟာ သမ္မာကျမ်းစာ (ခရစ်ဝင်ကျမ်း) မှာ ဖော်ပြမထားတဲ့ ခရစ်တော်ရဲ့ အစောပိုင်း နှစ်ကာလများကို စူးစမ်း ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဝဲလ်ဝင်းရဲ့အဆိုအရ သူရိုက်ကူးမယ့် ဒီရုပ်ရှင် ဇာတ်ကားဟာ အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်တုန်းက ယေရှုခရစ်တော်ကို အာရှအနောက်ပိုင်းမှာ နောက်ဆုံး မြင်ခဲ့တယ်ဆိုတဲ့ သမ္မာကျမ်းစာရဲ့အဆိုကို အခြေခံပြီး ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပထမပိုင်းကို သမ္မာကျမ်းစာကို အခြေခံပြီး ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းရဲ့ ဒုတိယပိုင်းကတော့ သမိုင်းဝင် စာပေ အထောက်အထားအပေါ် အခြေပြုတဲ့ စိတ်ကူးစိတ်သန်း သက်သက်နဲ့ ရိုက်ကူးမှာဖြစ်ကြောင်း ရုပ်ရှင်ထုတ်လုပ်သူက ပြောပြပါတယ်။

ယေရှုခရစ်တော်နဲ့ အိန္ဒိယ အဆက်အသွယ် ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား အများအပြား ရှိပါတယ်။ ရုရှားလူမျိုး ဂျာနယ်လစ် နီကိုလက်စ် နိုတိုဗစ်ချ် (Nicolas Notovitch) ဟာ ၁၈၉၄- ခုနှစ်မှာ အာဖကန်နစ္စတန်၊ အိန္ဒိယနဲ့ တိဘက်နိုင်ငံတို့ကို သွားခဲ့တဲ့ သူရဲ့ခရီးစဉ်အပေါ် အခြေခံပြီး ရေးသားခဲ့တဲ့ “The Unknown Life of Christ” ဆိုတဲ့ စာအုပ် တစ်အုပ် ထုတ်ဝေခဲ့ပါတယ်။ သူ့ခရီးစဉ်အတွင်းမှာ လာဒက်ခ် (Ladakh)ရဲ့ မြို့တော်ကို ရောက်ခဲ့ပါတယ်။ ခြေထောက် ကျိုးသွားလို့ ဟေမိစ် (Hemis) တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးမှာ အချိန်အတော်အကြာ နေခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ တိဘက်လို ရေးထားတဲ့ “The Life of Saint Issa” ဆိုတဲ့ ထူထူထဲထဲ အဝါရောင် မှတ်တမ်းစာအုပ်ကြီး နှစ်တွဲကို သူ တွေ့ခဲ့တယ်။ မူစလင်တို့ရဲ့ ကိုရမ်ကျမ်းမှာ ခရစ်တော်ကို Isa လို့ ခေါ်ဝေါ်ပါတယ်။ နိုတိုဗစ်ချ်ဟာ မှတ်တမ်း စာအုပ်ကြီးတွေထဲက အပိုဒ်ပေါင်း နှစ်ရာကျော်ကို ကူးမှတ်ခဲ့ပါတယ်။ သူ့မှတ်တမ်းဟာ နောက်ပိုင်း အနောက်နိုင်ငံတွေမှာ အတော် ဂယက်ရိုက် ခဲ့ပါတယ်။

လာဒက်ခ်မြို့တော်နဲ့ ကီလိုမီတာ လေးဆယ်အကွာ တောင်ပေါ်မှာ တည်ရှိတဲ့ ဟေမိစ် တိဘက် ဘုန်းကြီးကျောင်းက ရဟန်းတော်တွေကလဲ ယေရှုခရစ်တော် အိန္ဒိယကို လာရောက် ပညာ သင်ကြားခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီကို အတည်ပြု ထောက်ခံကြပါတယ်။ “ဗုဒ္ဓစာပေ လေ့လာဖို့အတွက် ယေရှုခရစ်တော်ဟာ ဘုန်းကြီးတို့ ဒေသ (Ladakh) နဲ့ ကက်ရှ်မီးယားကို ရောက်ခဲ့ပါတယ်” ဟေမိစ် ဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က IANS ကို ပြောပြတာပါ။

ဘင်္ဂါလီ ဘာသာရေး ပညာရှင်နဲ့ ရှေးဖြစ်ဟောသူ ဆွာမိ အဘေဒနန္ဒ ဟာလည်း ခရစ်တော်နဲ့ အိန္ဒိယခရီးစဉ် ဒဏ္ဍာရီကို စူးစမ်းဖို့ ဟိမဝန္တာ တောင်းတန်းတွေဆီ ခရီးထွက်ခဲ့ပါတယ်။ သူရဲ့ “Kashmir O Tibetti” ဆိုတဲ့ ခရီးသွားမှတ်တမ်း စာအုပ်ကလဲ လာဒတ်ခ်က ဟေမိစ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ခရစ်တော် လည်ပတ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပြထားပါတယ်။ (တိဘက် ကျောင်းတွေကို လာလည်တဲ့ ဧည်သည်တွေအနေနဲ့ မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးကြရတဲ့ ဓလေ့ ရှိပါတယ်။) သူ့ရဲ့စာအုပ်မှာ နိုတိုဗစ်ချ် ကူးခဲ့တဲ့ သူတော်စင် အိစ္စာ (Issa) ရဲ့ ဒဏ္ဍာရီအကြောင်း (၂၂၄) ပိုဒ်ပါတဲ့ ဘင်္ဂါလီဘာသာပြန်ကိုလဲ ထည့်သွင်း ထားပါတယ်။

၁၉၂၅- ခုနှစ်မှာ ရုရှားလူမျိုး နောက်တစ်ယောက်ဖြစ်တဲ့ ဒဿနနဲ့ သိပ္ပံပညာရှင် နီကိုလက်စ် ရိုအိရစ်ချ် (Nicholas Roerich) ဟာလဲ ဟေမိစ် ဘုန်းတော်ကြီးကျောင်းကို သွားရောက် လည်ပတ်ခဲ့ပြီး ခရစ်တော်ရဲ့ ဒဏ္ဍာရီကို မှတ်တမ်း တင်ခဲ့ပါတယ်။ သူ့ရဲ့ မှတ်တမ်းထဲမှာ ရိုအိရစ်ချ်က အခုလို ဆိုခဲ့တယ် “ယေရှုဟာ ဗာရာဏသီ၊ ဝေသာလီစတဲ့ အိန္ဒိယ ရှေးဟောင်း မြို့တော်တွေမှာ အချိန်အတော်ကြာ နေထိုင်ခဲ့တယ်။ သူဟာ ကုန်သည်တွေ၊ ဆင်းရဲသားတွေကို လမ်းညွှန် ကူညီပေးပြီး အေးအေးဆေးဆေး နေထိုင်ခဲ့လို့ လူတိုင်းက သူ့ကို ချစ်ကြတယ်”

သမိုင်းပညာရှင်တွေနဲ့ စာရေးဆရာတွေရဲ့ အဆိုအရ အိန္ဒိယရှေးဟောင်း မြို့တော်တွေမှာ ဟောကြားခဲ့တဲ့ ခရစ်တော်ရဲ့ ဟောပြောချက်တွေက ဗြာဟ္မဏ (ပုဏ္ဏား) တွေကို အမြတ်ထွက်စေခဲ့တယ်။ ဒီအကြောင်းကပဲ ဟိမဝန္တာတောင်တန်းတွေဆီ ထွက်ခွာဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ခရစ်တော်ဟာ ဗုဒ္ဓစာပေ သင်ကြားရင်း ဟိမဝန္တာ တောင်တန်းဒေသမှာ နောက်ထပ် ခြောက်နှစ် အချိန်ကို ကုန်လွန်စေခဲ့ကြောင်း သမိုင်းဝင် စာပေ အထောက်အထားတွေက ဆိုပါတယ်။ ဂျာမန်ပညာရှင် ဟောလ်ဂါ ကာစတင် (Holger Kersten) ရဲ့ “Jesus Lived in India” ဆိုတဲ့ စာအုပ်ကလဲ အိန္ဒိယက ခရစ်တော်ရဲ့ ငယ်စဉ်က ဘဝအကြောင်း ပြောပြပါတယ်။ ကင်စတင်က သူ့ရဲ့ စာအုပ်မှာ အခုလို ဆိုထားပါတယ် “လုလင် ယေရှုဟာ ဆင်းနယ်ကို ကုန်သည်တွေနဲ့ အတူ လိုက်ခဲ့တယ်။ ဗုဒ္ဓရဲ့ အဆုံးအမ ဩဝါဒတွေကို သင်ယူရင်း ပြီးပြည့်စုံသူ တစ်ယောက် ဖြစ်ဖို့ အာရိယန်းတွေကြားမှာ နေထိုင်ခဲ့ပါတယ်။ ပန်ဂျပ်နယ်အနှံ့ ခရီးလှည့်လည်ခဲ့တယ်။ ဂျဂန်နက်ကို မထွက်ခွာခင် ဂျိမ်းဘုန်းကြီးတွေနဲ့ ခဏတဖြုတ် နေခဲ့ပါသေးတယ်”

မှတ်ချက်။ ။ www.calcuttanews.net က သတင်းကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီ သတင်းနဲ့ ပက်သက်တဲ့ လူပုဂ္ဂိုလ်စတဲ့ အထောက်အထားတွေကို ကာလာနဲ့ လင့်ချိတ်ထားပါတယ်။ အဲဒီအပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။
========================================

ခရစ်တော်ရဲ့ ပျောက်ဆုံးနေသော နှစ်များနဲ့အကြောင်းကို ပညာရှင်တွေအကြား အမျိုးမျိုး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါနဲ့ ပက်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း မြန်မာ့ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအဖွဲ့ (MTBG) ဆိုက်မှာ တွေ့ရပါတယ်။ အထက်က ဘာသာပြန် သတင်းနဲ့ ကွဲပြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီဆိုက်ရဲ့ မန်ဘာတစ်ယောက် ဖြစ်တဲ့ ကိုကိုတာက အရှင်အရိယဓမ္မရဲ့ ဗုဒ္ဓဝါဒပြဿနာများ ဆိုတဲ့ စာအုပ်ထဲက မေးခွန်းနံပါတ် (၁၂) ကို တိုက်ရိုက်ကူး စာစီပြီး ဝေငှထားတာပါ။ အဲဒီဆောင်းပါးကိုပဲ (MTBG)ဆိုက်မှာ ဖတ်ရတာ သိပ်အဆင်မပြေရင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ (A.B.M.A) ဘလော့မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ တောင်တွင်းကြီး အရှင်ဥက္ကဋ္ဌရဲ့ တပည့်တစ်ဦးဖြစ်တဲ့ အရှင်အရိယဓမ္မရဲ့ မူရင်း ဗုဒ္ဓဝါဒပြဿနာများ စာအုပ်ကို ဖတ်ချင်ရင်တော့ လင့်ပေါ်မှာ ကလစ်နှိပ် ဒေါင်းလုတ်ယူနိုင်ပါတယ်။
=========================================

ခရစ်တော်နဲ့ အိန္ဒိယ ဒဏ္ဍာရီအကြောင်းကို ပညာရှင်အသီးအသီးက ထင်မြင်ချက် အဖုံဖုံ ပေးထားကြပါတယ်။ သမ္မာကျမ်းစာကို ကျေညက်အောင် ဖတ်ထားပြီး သမိုင်းဝင် အထောက်အထားတွေကို ဂဃနဏ သိအောင် လေ့လာထားသူများ အနေနဲ့ ဒီ ဒဏ္ဍာရီဟာ အမှန် ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ဟောပြောချက်တွေက ဗုဒ္ဓရဲ့တရားတော်တွေနဲ့ အရမ်းနီးစပ်နေတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် အောက်က ဗွီဒီယိုဖိုင်တွေကို ကြည့်အပြီးမှာတော့ စာဖတ်သူအနေနဲ့ ယေရှုနဲ့ အိန္ဒိယ ဒဏ္ဍာရီအပေါ်မှာ တစ်ခုခု မှတ်ချက် ပေးနိုင်မှာ ဖြစ်ပပါတယ်။

The Missing Years of Jesus



***************************************************

အမေရိကန်ဗုဒ္ဓဘာသာဝင်များ ခရစ္စမတ်ပွဲတော် ပါဝင်ဆင်နွှဲ


ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန် ဘာသာဝင် တို့အတွက်သာ မဟုတ်တော့တာ ကြာပါပြီ။ ဘာသာအမျိုးမျိုး ကိုးကွယ်သူများနဲ့ ဘာသာမဲ့များပါ ခရစ္စမတ်ပွဲတော်ကို ပါဝင် ဆင်နွှဲကြပါတယ်။ အဲဒီအထဲမှာ ဝါရှင်တန်နယ်တစ်ဝိုက်က ဗုဒ္ဓဘာသာဝင် တွေလည်း ပါဝင်ပါတယ်။ ဝီလ်ဆင် ဟာလေး ဟာ အမေရိကန် တစ်နိုင်ငံလုံးက အခြားပြည်သူတွေလိုပဲ သူ့အိမ်မှာ ခရစ္စမတ် သစ်ပင် စိုက်ထူခဲ့ပါတယ်။ ဒါပေမယ့် သူ့ ခရစ္စမတ် သစ်ပင်ကတော့ မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် ရှေ့မှာ ထားတာပါ။


ဟာလေးဟာ မိရိုးဖလာ ခရစ်ယာန် တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့ပြီး သူအရွယ်ရောက်တဲ့ အချိန်မှာတော့ တိဘက် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တာ နှစ်ပေါင်း သုံးဆယ် ကျော်ပါပြီ။ မကြာခင်ကပဲ ဝိပဿနာ သင်တန်းတွေ ဖွင့်ပြီး ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ် အယူအဆနဲ့ အကျင့်ပဋိပတ်တွေ ထွန်းကား ပြန့်ပွားအောင် ဆောင်ရွတ်ခဲ့ပါတယ်။ အခြားသူတွေလိုပဲ ဗုဒ္ဓဘာသာဝင်များဟာလည်း ခရစ္စမတ်ပွဲတော်ကို ပါဝင်ဆင်နွှဲ နိုင်တယ်လို့ သူ ယုံကြည်ပါတယ်။ ‘ကျွန်တော် ထင်တယ်။ တကယ့် ခရစ္စမတ်ရဲ့ အနှစ်သာရက လူတွေရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ သဘောထား သေးသိမ်မှု၊ တစ်ကိုယ်ကောင်း ဆန်မှု၊ သည်းမခံနိုင်မှုနဲ့ ဒေါသတရားတွေကို ဖယ်ရှားပြီး လူတွေအပေါ်မှာ မေတ္တာ၊ ကရုဏာစိတ် မွေးမြူဖို့ ဖြစ်ပါတယ်’ လို့ ဟာလေးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း အတန်ကြာက ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရ အမေရိကန်မှာ ဗုဒ္ဓဘာသာဝင် တစ်သန်းခွဲ ရှိပြီး စတုတ္ထမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတစ်ခု ဖြစ်ပါတယ်။ အမေရိကန် ဗုဒ္ဓဘာသာဝင် နှစ်ဆယ်ရာခိုင်နှုန်းသာ လူဖြူတွေ ဖြစ်ပြီး ကျန်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ အမေရိကန်မှာ လာရောက် အခြေချ နေထိုင်ကြတဲ့ အာရှတိုက်သားများ ဖြစ်ပါတယ်။ ဦးအေးသန်းဟာ လွန်ခဲ့တဲ နှစ်ပေါင်း သုံးဆယ်လောက်က မြန်မာနိုင်ငံကနေ အမေရိကန်ကို ပြောင်ရွေ့လာသူ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဗုဒ္ဓဘာသာကို အထူး သက်ဝင်ယုံကြည်သူ တစ်ယောက်ဖြစ်ပြီး ခရစ္စမတ်နဲ့ ပက်သက်လို့ သူ့အမြင်ကို ခုလို ပြောပါတယ် ‘ကျွန်တော်တို့လည်း ခရစ္စမတ်ပွဲ ဆင်နွှဲပါတယ်။ ခရစ်ယာန် ဘုရားကျောင်းကို မသွားပေမယ့် ကိုယ့် ဆွေမျိုး အပေါင်းအသင်းတွေကို အိမ်မှာ ဖိတ်တယ်။ ပြီးတော့ ကလေးတွေကို လက်ဆောင်ပေးတယ်။’

အမေရိကန်နိုင်ငံမှာ ရှိတဲ့ မြန်မာ ပြောင်းရွေ့နေထိုင်သူများထဲမှာ ခရစ်ယာန် ဘာသာဝင်ဦးရေ အတော်အတန် ရှိပေမယ်လို့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။ ဦးအေးသန်းဟာ ဗုဒ္ဓဘာသာဝင်များနဲ့ ခရစ်ယာန် ဘာသာဝင်များ ကြားမှာ တူညီတာတွေ အများအပြားရှိတာကို ယုံကြည်သူ တစ်ဦး ဖြစ်ပါတယ်။ ခရစ်ယာန် တရားတော်အများစုကိုလည်း သူ လက်ခံေကြောင်း ပြောပြပါတယ်။ ‘ခရစ်ယာန် တရားတော် ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းကနေ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ကျွန်တော် လက်ခံတယ်။ အရာအားလုံးကို ထာဝရဘုရားသခင်က ဖန်တီးတယ်လို့ ခရစ်ယာန် ဘာသာဝင်တွေက ယုံကြည်တယ်။ ကျွန်တော်တို့က (Cause and Effect) အကြောင်းနဲ့ အကျိုးကို ယုံကြည်တယ်။ ဘယ်အရာမဆို သူ့ဟာသူ ဖြစ်လာတာ မဟုတ်ဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်တာ။ ကျွန်တော်တို့အတွက် ကောင်းတာ၊ ဆိုးတာတွေကို ဘယ်သူကမှ ဖန်တီးခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ခဲ့တာလို့ ယုံကြည်တယ် ’

အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ဒွန် ဖရာ့မုဒွီနိုင်း ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ပေမယ့် သူနဲ့ သူ့မိသားစုပါ ခရစ္စမတ် ထုံးတမ်းစဉ်လာ အချို့ကို ပြုလုပ်ကြပါတယ်။ သူက ‘ပုံမှန်အားဖြင့် ခရစ္စမတ်ရောက်တဲ့ အခါတိုင်း မိတ်ဆွေတွေကို ဖိတ်ပြီး အိမ်မှာ ညစာနဲ့ တည်းခင်း ဧည့်ခံပါတယ်။ ခရစ္စမတ် လက်ဆောင် အချင်းချင်း လဲလှယ်ကြတယ်။ နောက် ခရစ္စမတ်ကဒ်တွေလဲ ပေးပို့ကြပါတယ်’ လို့ ဆိုပါတယ်။

ဒီ ရွေ့ပြောင်း နေထိုင်သူများဟာ သူတို့ကိုယ်သူတို့ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် သက်မှတ်ကြပါတယ်။ သူတို့ဟာ အမေရိကန် ယဉ်ကျေးမှုရဲ့ ပင်မရေစီးချောင်းနဲ့ ပေါင်းစပ်လိုသူများလည်း ဖြစ်ပါတယ်။ သူတို့ကြားမှာ လူမျိုးမတူ၊ ဘာသာခြားတွေနဲ့ လက်ထပ်ခြင်းဟာ မဆန်းတော့ ပါဘူး။ ‘ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ စိတ်သဘောထား ကြီးကြပါတယ်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာရယ်လို့ မခွဲခြားပါဘူး။ သူတို့ရဲ့ ခင်မွန်း၊ ဇနီးတွေက ခရစ်ယာန် ဖြစ်နေရင် သူတို့နဲ့အတူ ခရစ္စမတ်ပွဲတော်ကို ပါဝင် ဆင်နွှဲမှာ ဖြစ်ပါတယ်’ လို့ ထိုင်းသံအမတ်ကြီးက ရှင်းပြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ္စမတ် အလေ့အထ အားလုံးကို လိုက်နာ ဆောင်ရွတ်မှာ မဟုတ်ပေမယ့် ငြိမ်းချမ်း ပျော်ရွှင်စရာ ကမ္ဘာကြီးဖြစ်ဖို့ ခရစ်ယာန်များနဲ့အတူ ခရစ်စ္စမတ်ပွဲတော်နဲ့ အခြား ခရစ်ယာန် ပွဲတော်များကို ပါဝင်ဆင်နွှဲ နိုင်ကြောင်း ယုံကြည်ကြပါတယ်။

မှတ်ချက်။ ။ ဗွီအိုအေသတင်းမှ ဆီလျှော်သလို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါတယ်။