"ဆုတောင်းခြင်း" သည် ကမ္ဘာ့ဘာသာကြီးများ မပေါ်ခင်ကတည်းကပင် ရှိခဲ့ပါသည်။ လူတို့သည် မိမိတို့ လိုချင်သော အရာများ ရရှိခံစားနိုင်ဖို့နှင့် မလိုချင်သော အရာများ မိမိထံ ရောက်မလာစေဖို့ နတ်ဒေဝတာများထံ အသနားခံ၍ ဆုတောင်းခဲ့ကြသည်။ တောတောင်သစ်ပင် မြစ်ချောင်းအင်းအိုင်စသော သက်မဲ့အရာဝတ္ထုတို့ကို တိုင်တည်၍လည်း ဆုတောင်းခဲ့ကြသည်။ ဖန်ဆင်းရှင်ဘာသာကြီးများ ပေါ်လာသောအခါ ဆုတောင်းခြင်းသည် ပို၍ အရေးပါလာခဲ့သည်။ ဖန်ဆင်းရှင် နတ်ဘုရားတို့ကို တိုင်တည်၍ ဆုတောင်းကြသည်။ တန်ခိုးရှင်များက သူတို့တောင်းသောဆုများကို ပေးစွမ်းနိုင်သည်ဟုလည်း ယုံကြည်ကြသည်။
ဘုရားလောင်း သုမေဓာရှင်ရသေ့သည် မိမိဖြစ်ချင်သော ဘုရားဆုကို ဒီပင်္ကရာဘုရားရှင်ရှေ့၌ တောင်းဆုပြုခဲ့သည်။ ဘုရားဖြစ်ရန်အတွက်ကား လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီး မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရခြင်း ဖြစ်သည်။ ပရမာနံ ကမ္မံ ပါရမီဟု ဆိုသည့်အတိုင်း ပါရမီဟူသည် မြင့်မြတ်သူတို့၏ "အလုပ်" ပင် ဖြစ်သည်။ ပါရမီဖြည့်ကျင့်ခြင်းဟူသည် ဘုရားဖြစ်ရန် ကရုဏာနှင့် ပညာတို့ကို အခြေခံ၍ အများကောင်းကျိုးအတွက် အလုပ်လုပ်ခြင်း ဖြစ်ပါသည်။
မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။ (မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှါ အလုံးစုံသော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့၏။) (ပုဗ္ဗဏှသုတ်ပရိတ်တော်)
မြတ်စွာဘုရားသည် ဆုတောင်းတိုင်း ပြည့်စေဟု ဆုပေးသည့် ဘုရားမဟုတ်၊ မိမိကိုယ်တိုင် ကျင့်ကြံပွားများအားထုတ်ကြဖို့၊ မိမိကိုယ်သာ အားကိုးရာဟု သတိချပ်ကြဖို့ မကြာခဏ ထုတ်ဖော်ဟောကြားလေ့ရှိသည်။
"တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။" (သင်တို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို (ကိုယ်တိုင်) အားထုတ်ကြကုန်လော့။ ဘုရားရှင်တို့မည်သည် (လမ်းမှန်ကို) ဟောဖော်ညွှန်ပြသူများသာ ဖြစ်၏။) (ဓမ္မပဒ ၂၇၆)
"အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။" (မိမိသည်သာ မိမိ ကိုးကွယ်ရာဖြစ်၏။ အခြားမည်သူသည် မိမိကိုးကွယ်ရာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။) (ဓမ္မပဒ ၁၆၀)
"အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ။ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ။" (ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်သာ အားထားကြလျက်၊ အခြားတစ်ပါးကို အားမကိုးဘဲ နေကြကုန်လော့။ တရားကိုသာ မှီခိုကြလျက်၊ တရားကိုသာ အားထားကြလျက်၊ အခြားတစ်ပါးကို အားမကိုးဘဲ နေကြကုန်လော့။) (သံ၊၂၊၃၅) (ဒီ၊၂၊၈၅)
အင်္ဂုတ္ထုရ်ပါဠိတော်၊ ပဥ္စကနိပါတ်၊ ပထမပတ္ထနာသုတ် (အံ၊၂၊၁၃၄) ကို လေ့လာပါက မြတ်စွာဘုရားရှင် ဆိုလိုသည့် "ဆုတောင်းခြင်း" သဘောကို မှန်မှန်ကန်ကန် နားလည်နိုင်မည် ဖြစ်သည်။
"ရဟန်းတို့၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော အဘိသိက်ခံ ပြည့်ရှင်မင်း၏ အကြီးဆုံးသားသည် မင်းဖြစ်ရန် မျှော်လင့် "တောင့်တ" နိုင်၏ (ပတ္ထေတိ)။ ဆုတောင်းနိုင်၏။ ထိုအင်္ဂါငါးပါးတို့ဟူသည် (၁) မိဘနှစ်ဘက်လုံးမှ စင်ကြယ်သော အမျိုးဇာတ်ရှိခြင်း၊ (၂) ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်း၊ (၃) မိဘနှစ်ပါးလုံးက ချစ်မြတ်နိုးခြင်း၊ (၄) တိုင်းသူပြည်သားတို့က ချစ်မြတ်နိုးခြင်း (၅) မင်းတို့ တတ်အပ်သော အတတ်ပညာတို့ကို တတ်ကျွမ်းခြင်း" တို့ ဖြစ်၏။
"ထို့အတူ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အာသဝေါကုန်ခမ်း၍ ရဟန္တာဖြစ်ရန် မျှော်လင့် "တောင့်တ" နိုင်၏။ ဆုတောင်းနိုင်၏။ ထိုငါးပါးတို့ဟူသည် (၁) သဒ္ဓါတရားရှိခြင်း၊ (၂) အနာရောဂါ နည်းပါးခြင်း၊ (၃) ရိုးသားပွင့်လင်းခြင်း၊ (၄) ဝီရိယရှိခြင်း၊ (၅) ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို သိသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်၏။"
ဤသုတ္တန်အလိုအရ လိုအပ်သော အရည်အချင်းများကို ဖြည့်ဆည်းထားပြီးပါက မိမိဖြစ်ချင်သောအရာများကို မျှော်လင့်တောင့်တနိုင်သည်။ မိမိလိုချင်သော တောင်းဆုများလည်း ပြည့်နိုင်သည်။ တစ်နည်းအားဖြင့် မိမိဖြစ်ချင်သောဆန္ဒကို အလုပ်ဖြင့် အထောက်အထည်ဖော်ရခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာအလိုအရ "ဆုတောင်း" ရုံမျှဖြင့် မိမိလိုချင်သည့်အရာများ မရနိုင်ကြောင်းကို အောက်ပါ သုတ္တန်နှစ်ခုကို ထောက်ထား၍လည်း ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။
ဇေတဝန်ကျောင်းတော်သို့ ရောက်လာသော အနာထပိဏ်သူဋ္ဌေးကို မြတ်စွာဘုရားက "ဆုတောင်းခြင်း" နှင့် ပတ်သက်၍ အောက်ပါအတိုင်း မိန့်တော်မူခဲ့သည်။ (ဣဋ္ဌသုတ် - အံ၊၂၊၄၁)
“သူကြွယ်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြံအရံများခြင်း၊ နတ်ပြည်တည်းဟူသော ဤငါးမျိုးတို့သည် နှစ်သက်မြတ်နိုးဖွယ်ကောင်း၍ ရခဲလှ၏။ အကယ်၍ ထိုငါးမျိုးသော တရားတို့ကို နှုတ်ဖြင့် ဆုတောင်းရုံ (အာယာစန)၊ စိတ်ဖြင့် တောင့်တရုံ (ပတ္ထနာ) ဖြင့် ရခဲ့ရိုးမှန်လျှင် အဘယ်သူသည် အဘယ်သို့သောအရာမှ ယုတ်လျော့နိုင်ပါတော့မည်နည်း။” [လူတိုင်း ဆုတောင်းတိုင်း ပြည့်၍ အရာအားလုံး ပြည့်စုံနေလိမ့်မည်ဟူလို]
မြတ်စွာဘုရားက ဆက်လက်၍ နှစ်သက်မြတ်နိုးဖွယ်ငါးမျိုးတို့ကို ဖြစ်စေနိုင်သောအကျင့်ကို ကျင့်ခြင်းဖြင့်သာ ထိုငါးမျိုးတို့ကို ရနိုင်မည်ဖြစ်ကြောင်း ဟောတော်မူခဲ့ပါသည်။ (အာယုသံဝတ္တနိကာ ပဋိပဒါ ပဋိပဇ္ဇိတဗ္ဗာ။ ဝဏ္ဏ၊ သုခ၊ ယသ၊ သဂ္ဂသံဝတ္တနိကာ ပဋိပဒါ ပဋိပဇ္ဇိတဗ္ဗာ။)
အခါတစ်ပါး၌ မြတ်စွာဘုရားရှင် နာလန္ဒာမြို့၌ နေတော်မူစဥ် အသိဗန္ဓကပုတ္တမည်သော ရွာသူကြီးသည် မြတ်စွာဘုရားထံ ချည်းကပ်၍ အောက်ပါအတိုင်း လျှောက်ထားပါသည်။ (အသိဗန္ဓကပုတ္တသုတ် - သံ၊၂၊၄၉၈)
“အရှင်ဘုရား၊ ပစ္ဆာဘူမိအရပ်၌နေသော ပုဏ္ဏားတို့သည် သေလွန်သူကို ဗြဟ္မာ့ပြည်၊ နတ်ပြည်သို့ ရောက်စေနိုင်ပါကုန်၏။” [အဋ္ဌကထာ: “ဂစ္ဆ, ဘော, ဗြဟ္မလောကံ, ဂစ္ဆ, ဘော, ဗြဟ္မလောက”န္တိ ဝဒန္တာ သဂ္ဂံ ပဝေသေန္တိ။ “အမောင် ယောက်ျား၊ ဗြဟ္မပြည်သို့ သွားလေလော့၊ ဗြဟ္မပြည်သို့ သွားလေလော့ဟုဆိုလျက် ဗြဟ္မာ့ပြည်သို့ ဝင်စေကုန်၏။”]
“မြတ်စွာဘုရား၊ အရှင်ဘုရားသည် တစ်လောကလုံးကို သေလွန်သောအခါ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်အောင် ပို့ဆောင်ခြင်းငှါ စွမ်းနိုင်ပါသလော”
ထိုအမေးကို မြတ်စွာဘုရားက ဥပမာဖြင့် ဖြေကြားတော်မူသည်။
"ရွာသူကြီး၊ နက်သော ရေအိုင်ကြီးထဲ၌ ပစ်ချထားအပ်သော “ကျောက်တုံးကြီး” ကို ရေပေါ် ပေါ်လာစေရန်နှင့် ကုန်းပေါ်သို့ တက်လာစေရန် လူအများက ရေအိုင်ကြီးဘေးထိုင်ပြီး လက်အုပ်ချီမိုး ရှိခိုးကာ အဖန်ဖန်တလဲလဲ ဆုတောင်းကြ၏။ “ကျောက်တုံးကြီး၊ ထပါလော့။ ကျောက်တုံးကြီး၊ ရေပေါ်ပေါ် ပါလော့။ ကျောက်တုံးကြီး၊ ကုန်းပေါ်သို့ တက်ပါလော့။”
“ရွာသူကြီး၊ ထိုသို့ဆုတောင်းရုံဖြင့် ကျောက်တုံးကြီးသည် ရေပေါ်သို့ ပေါ်လာနိုင်ပါမည်လား၊ ကျောက်တုံးကြီးသည် ကုန်းပေါ်သို့ တက်လာနိုင်ပါမည်လား”
“အရှင်ဘုရား၊ ကျောက်တုံးကြီးဟာ ရေပေါ် မပေါ် လာနိုင်သလို ကုန်းပေါ်ကိုလည်း တက်မလာနိုင်ပါ”
“ရွာသူကြီး၊ ထို့အတူပင် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးသားမယားကို ပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုခြင်းစသော မကောင်းမှုဒုစရိုက်တို့ကို ကျူးလွန်ထားသောသူတစ်ဦး ကွယ်လွန်သောအခါ ထိုသူ၏ အလောင်းဘေး၌ လူသူအများ စုဝေး၍ လက်အုပ်ချီမိုး ရှိခိုးကာ “ဤသူသည် နတ်ပြည်သို့ ရောက်ပါစေသတည်း၊ ဤသူသည် နတ်ပြည်သို့ ရောက်ပါစေသတည်း” ဟူ၍ ဝိုင်းဝန်းဆုတောင်းကြ၏။ ဤသို့ လူအများ စုပေါင်း၍ တောင်းအပ်သောဆုသည် ပြည့်နိုင်ပါမည်လား”
“အရှင်ဘုရား၊ ရေအောက်သို့ သက်ဆင်း၍ မနစ်မြုတ်နိုင်ကြပါ။”