ဆုတောင်းခြင်းဟူသည်

"ဆုတောင်းခြင်း" သည် ကမ္ဘာ့ဘာသာကြီးများ မပေါ်ခင်ကတည်းကပင် ရှိခဲ့ပါသည်။ လူတို့သည် မိမိတို့ လိုချင်သော အရာများ ရရှိခံစားနိုင်ဖို့နှင့် မလိုချင်သော အရာများ မိမိထံ ရောက်မလာစေဖို့ နတ်ဒေဝတာများထံ အသနားခံ၍ ဆုတောင်းခဲ့ကြသည်။ တောတောင်သစ်ပင် မြစ်ချောင်းအင်းအိုင်စသော သက်မဲ့အရာဝတ္ထုတို့ကို တိုင်တည်၍လည်း ဆုတောင်းခဲ့ကြသည်။ ဖန်ဆင်းရှင်ဘာသာကြီးများ ပေါ်လာသောအခါ ဆုတောင်းခြင်းသည် ပို၍ အရေးပါလာခဲ့သည်။​ ဖန်ဆင်းရှင် နတ်ဘုရားတို့ကို တိုင်တည်၍ ဆုတောင်းကြသည်။ တန်ခိုးရှင်များက သူတို့တောင်းသောဆုများကို ပေးစွမ်းနိုင်သည်ဟုလည်း ယုံကြည်ကြသည်။ 

ဗုဒ္ဓဘာသာအလိုအရ "ဆုတောင်းခြင်း" ဟူသည် မိမိဖြစ်ချင်သောဆန္ဒကို နှုတ်ဖြင့် ထုတ်ဖော်ပြောကြားခြင်း (အာယာစန)၊ စိတ်ဖြင့် ကြံစည်ခြင်း (ပတ္ထနာ) ဖြစ်သည်။ "နိဗ္ဗာန်မဂ်ဖိုလ် ရရပါလို၏" ဟု ဆုတောင်းရုံသက်သက်ဖြင့် နိဗ္ဗာန်မရနိုင်ပေ။ ထိုသို့ဆုတောင်းခြင်းမှာ နိဗ္ဗာန်ရရန် ဆန္ဒပြုခြင်းသာဖြစ်၍ အမှန်တကယ် နိဗ္ဗာန်ရရန်မှာ နိဗ္ဗာန်ရကြောင်း အကျင့်တို့ကို ကျင့်ကြံပွားများ အားထုတ်ရမည်ဖြစ်သည်။ လုပ်ဆောင်ချက် (ကံ) မပါသော ဆုတောင်းခြင်းများသည် အကောင်အထည် ပေါ်မလာနိုင်ဘဲ လေထဲတွင် ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

 

 
မြန်မာနိုင်ငံ၌ ဆုတောင်းပြည့်ဘုရား၊ ဆုတောင်းရဘုရား၊ ချမ်းသာရဘုရား၊​ ဝဋ်ကြွေးတော်ပြေဘုရားစသဖြင့် ဆုတောင်းခြင်းနှင့်စပ်၍ မှည့်ခေါ်ထားသော တန်ခိုးကြီးဘုရားများစွာရှိသည်။ မည်သည့်ဘုရားထံမှာပဲ ဆုတောင်းဆုတောင်း ဆုတောင်းရုံသက်သက်ဖြင့် မိမိဖြစ်ချင်သောဆန္ဒများ အကောင်အထည် ပေါ်လာနိုင်မည် မဟုတ်ပေ။ မိမိတောင်းသည့်ဆုကိုလည်း ဘုရားက ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါ။ ဆုတောင်းပြည့်ရန် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ 

ဘုရားလောင်း သုမေဓာရှင်ရသေ့သည် မိမိဖြစ်ချင်သော ဘုရားဆုကို ဒီပင်္ကရာဘုရားရှင်ရှေ့၌ တောင်းဆုပြုခဲ့သည်။ ဘုရားဖြစ်ရန်အတွက်ကား လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီး မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရခြင်း ဖြစ်သည်။ ပရမာနံ ကမ္မံ ပါရမီဟု ဆိုသည့်အတိုင်း ပါရမီဟူသည် မြင့်မြတ်သူတို့၏ "အလုပ်" ပင် ဖြစ်သည်။ ပါရမီဖြည့်ကျင့်ခြင်းဟူသည် ဘုရားဖြစ်ရန် ကရုဏာနှင့် ပညာတို့ကို အခြေခံ၍ အများကောင်းကျိုးအတွက် အလုပ်လုပ်ခြင်း ဖြစ်ပါသည်။

မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။ (မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှါ အလုံးစုံသော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့၏။) (ပုဗ္ဗဏှသုတ်ပရိတ်တော်)

မြတ်စွာဘုရားသည် ဆုတောင်းတိုင်း ပြည့်စေဟု ဆုပေးသည့် ဘုရားမဟုတ်၊ မိမိကိုယ်တိုင် ကျင့်ကြံပွားများအားထုတ်ကြဖို့၊ မိမိကိုယ်သာ အားကိုးရာဟု သတိချပ်ကြဖို့ မကြာခဏ ထုတ်ဖော်ဟောကြားလေ့ရှိသည်။ 

"တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။" (သင်တို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို (ကိုယ်တိုင်) အားထုတ်ကြကုန်လော့။ ဘုရားရှင်တို့မည်သည် (လမ်းမှန်ကို) ဟောဖော်ညွှန်ပြသူများသာ ဖြစ်၏။) (ဓမ္မပဒ ၂၇၆)

"အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။" (မိမိသည်သာ မိမိ ကိုးကွယ်ရာဖြစ်၏။ အခြားမည်သူသည် မိမိကိုးကွယ်ရာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။) (ဓမ္မပဒ ၁၆၀)

"အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ။ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ။" (ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်သာ အားထားကြလျက်၊ အခြားတစ်ပါးကို အားမကိုးဘဲ နေကြကုန်လော့။ တရားကိုသာ မှီခိုကြလျက်၊ တရားကိုသာ အားထားကြလျက်၊ အခြားတစ်ပါးကို အားမကိုးဘဲ နေကြကုန်လော့။) (သံ၊၂၊၃၅) (ဒီ၊၂၊၈၅)

အင်္ဂုတ္ထုရ်ပါဠိတော်၊ ပဥ္စကနိပါတ်၊ ပထမပတ္ထနာသုတ် (အံ၊၂၊၁၃၄) ကို လေ့လာပါက မြတ်စွာဘုရားရှင် ဆိုလိုသည့် "ဆုတောင်းခြင်း" သဘောကို မှန်မှန်ကန်ကန် နားလည်နိုင်မည် ဖြစ်သည်။ 

"ရဟန်းတို့၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော အဘိသိက်ခံ ပြည့်ရှင်မင်း၏ အကြီးဆုံးသားသည် မင်းဖြစ်ရန် မျှော်လင့် "တောင့်တ" နိုင်၏ (ပတ္ထေတိ)။ ဆုတောင်းနိုင်၏။ ထိုအင်္ဂါငါးပါးတို့ဟူသည် (၁) မိဘနှစ်ဘက်လုံးမှ စင်ကြယ်သော အမျိုးဇာတ်ရှိခြင်း၊ (၂) ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်း၊ (၃) မိဘနှစ်ပါးလုံးက ချစ်မြတ်နိုးခြင်း၊ (၄) တိုင်းသူပြည်သားတို့က ချစ်မြတ်နိုးခြင်း (၅) မင်းတို့ တတ်အပ်သော အတတ်ပညာတို့ကို တတ်ကျွမ်းခြင်း" တို့ ဖြစ်၏။ 

"ထို့အတူ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အာသဝေါကုန်ခမ်း၍ ရဟန္တာဖြစ်ရန် မျှော်လင့် "တောင့်တ" နိုင်၏။ ဆုတောင်းနိုင်၏။ ထိုငါးပါးတို့ဟူသည် (၁) သဒ္ဓါတရားရှိခြင်း၊ (၂) အနာရောဂါ နည်းပါးခြင်း၊ (၃) ရိုးသားပွင့်လင်းခြင်း၊ (၄) ဝီရိယရှိခြင်း၊ (၅) ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို သိသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်၏။"

ဤသုတ္တန်အလိုအရ လိုအပ်သော အရည်အချင်းများကို ဖြည့်ဆည်းထားပြီးပါက မိမိဖြစ်ချင်သောအရာများကို မျှော်လင့်တောင့်တနိုင်သည်။ မိမိလိုချင်သော တောင်းဆုများလည်း ပြည့်နိုင်သည်။ တစ်နည်းအားဖြင့် မိမိဖြစ်ချင်သောဆန္ဒကို အလုပ်ဖြင့် အထောက်အထည်ဖော်ရခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာအလိုအရ "ဆုတောင်း" ရုံမျှဖြင့် မိမိလိုချင်သည့်အရာများ မရနိုင်ကြောင်းကို အောက်ပါ သုတ္တန်နှစ်ခုကို ထောက်ထား၍လည်း ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။ 

ဇေတဝန်ကျောင်းတော်သို့ ရောက်လာသော အနာထပိဏ်သူဋ္ဌေးကို မြတ်စွာဘုရားက "ဆုတောင်းခြင်း" နှင့် ပတ်သက်၍ အောက်ပါအတိုင်း မိန့်တော်မူခဲ့သည်။ (ဣဋ္ဌသုတ် - အံ၊၂၊၄၁)

“သူကြွယ်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြံအရံများခြင်း၊ နတ်ပြည်တည်းဟူသော ဤငါးမျိုးတို့သည် နှစ်သက်မြတ်နိုးဖွယ်ကောင်း၍ ရခဲလှ၏။ အကယ်၍ ထိုငါးမျိုးသော တရားတို့ကို နှုတ်ဖြင့် ဆုတောင်းရုံ (အာယာစန)၊​ စိတ်ဖြင့် တောင့်တရုံ (ပတ္ထနာ) ဖြင့် ရခဲ့ရိုးမှန်လျှင် အဘယ်သူသည် အဘယ်သို့သောအရာမှ ယုတ်လျော့နိုင်ပါတော့မည်နည်း။” [လူတိုင်း ဆုတောင်းတိုင်း ပြည့်၍ အရာအားလုံး ပြည့်စုံနေလိမ့်မည်ဟူလို] 

မြတ်စွာဘုရားက ဆက်လက်၍ နှစ်သက်မြတ်နိုးဖွယ်ငါးမျိုးတို့ကို ဖြစ်စေနိုင်သောအကျင့်ကို ကျင့်ခြင်းဖြင့်သာ ထိုငါးမျိုးတို့ကို ရနိုင်မည်ဖြစ်ကြောင်း ဟောတော်မူခဲ့ပါသည်။ (အာယုသံဝတ္တနိကာ ပဋိပဒါ ပဋိပဇ္ဇိတဗ္ဗာ။ ဝဏ္ဏ၊ သုခ၊ ယသ၊ သဂ္ဂသံဝတ္တနိကာ ပဋိပဒါ ပဋိပဇ္ဇိတဗ္ဗာ။)

အခါတစ်ပါး၌ မြတ်စွာဘုရားရှင် နာလန္ဒာမြို့၌ နေတော်မူစဥ် အသိဗန္ဓကပုတ္တမည်သော ရွာသူကြီးသည် မြတ်စွာဘုရားထံ ချည်းကပ်၍ အောက်ပါအတိုင်း လျှောက်ထားပါသည်။ (အသိဗန္ဓကပုတ္တသုတ် - သံ၊၂၊၄၉၈)

“အရှင်ဘုရား၊ ပစ္ဆာဘူမိအရပ်၌နေသော ပုဏ္ဏားတို့သည် သေလွန်သူကို ဗြဟ္မာ့ပြည်၊ နတ်ပြည်သို့ ရောက်စေနိုင်ပါကုန်၏။” [အဋ္ဌကထာ: “ဂစ္ဆ, ဘော, ဗြဟ္မလောကံ, ဂစ္ဆ, ဘော, ဗြဟ္မလောက”န္တိ ဝဒန္တာ သဂ္ဂံ ပဝေသေန္တိ။ “အမောင် ယောက်ျား၊​ ဗြဟ္မပြည်သို့ သွားလေလော့၊ ဗြဟ္မပြည်သို့ သွားလေလော့ဟုဆိုလျက် ဗြဟ္မာ့ပြည်သို့ ဝင်စေကုန်၏။”]

“မြတ်စွာဘုရား၊ အရှင်ဘုရားသည် တစ်လောကလုံးကို သေလွန်သောအခါ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်အောင် ပို့ဆောင်ခြင်းငှါ စွမ်းနိုင်ပါသလော”

ထိုအမေးကို မြတ်စွာဘုရားက ဥပမာဖြင့် ဖြေကြားတော်မူသည်။ 

"ရွာသူကြီး၊ နက်သော ရေအိုင်ကြီးထဲ၌ ပစ်ချထားအပ်သော “ကျောက်တုံးကြီး” ကို ရေပေါ် ပေါ်လာစေရန်နှင့် ကုန်းပေါ်သို့ တက်လာစေရန် လူအများက ရေအိုင်ကြီးဘေးထိုင်ပြီး လက်အုပ်ချီမိုး ရှိခိုးကာ အဖန်ဖန်တလဲလဲ ဆုတောင်းကြ၏။ “ကျောက်တုံးကြီး၊ ထပါလော့။ ကျောက်တုံးကြီး၊ ရေပေါ်ပေါ် ပါလော့။ ကျောက်တုံးကြီး၊ ကုန်းပေါ်သို့ တက်ပါလော့။” 

“ရွာသူကြီး၊ ထိုသို့ဆုတောင်းရုံဖြင့် ကျောက်တုံးကြီးသည် ရေပေါ်သို့ ပေါ်လာနိုင်ပါမည်လား၊ ကျောက်တုံးကြီးသည်  ကုန်းပေါ်သို့ တက်လာနိုင်ပါမည်လား”

“အရှင်ဘုရား၊ ကျောက်တုံးကြီးဟာ ရေပေါ် မပေါ် လာနိုင်သလို ကုန်းပေါ်ကိုလည်း တက်မလာနိုင်ပါ”

“ရွာသူကြီး၊ ထို့အတူပင် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးသားမယားကို ပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုခြင်းစသော မကောင်းမှုဒုစရိုက်တို့ကို ကျူးလွန်ထားသောသူတစ်ဦး ကွယ်လွန်သောအခါ ထိုသူ၏ အလောင်းဘေး၌ လူသူအများ စုဝေး၍ လက်အုပ်ချီမိုး ရှိခိုးကာ “ဤသူသည် နတ်ပြည်သို့ ရောက်ပါစေသတည်း၊ ဤသူသည် နတ်ပြည်သို့ ရောက်ပါစေသတည်း” ဟူ၍ ဝိုင်းဝန်းဆုတောင်းကြ၏။ ဤသို့ လူအများ စုပေါင်း၍ တောင်းအပ်သောဆုသည် ပြည့်နိုင်ပါမည်လား”

“မပြည့်နိုင်ပါ အရှင်ဘုရား။”

"ရွာသူကြီး၊ ယောက်ျားတစ်ယောက်သည် ထောပတ်အိုးကိုလည်းကောင်း၊ ဆီအိုးကိုလည်းကောင်း နက်သော ရေအိုင်အောက်သို့ ယူဆောင်၍ ခွဲရာ၏။ ထိုသို့ခွဲရာ၌ ကျောက်စရစ်နှင့်အိုးခြမ်းကွဲတို့သည် အောက်သို့ကျ၍ ထောပတ်နှင့် ဆီတို့သည် အထက်သို့ တက်ကြ၏။ ထိုအခါ လူအများက ရေကန်ကြီးဘေးတွင် စုပေါင်းထိုင်၍ လက်အုပ်ချီမိုး ရှိခိုးကာ "အို, ထောပတ်နှင့်ဆီတို့၊ သင်တို့သည် ရေအောက်သို့ သက်ဆင်းကြလော့။ ရေအာက်သို့ နစ်မြုတ်သွားကြလော့" ဟု ဆုတောင်းကြ၏။  ရွာသူကြီး၊ ထိုသို့ဆုတောင်းရုံဖြင့် ထောပတ်နှင့်ဆီတို့သည် ရေအောက်သို့ သက်ဆင်း၍ နစ်မြုတ်သွားကြပါမည်လား” 

“အရှင်ဘုရား၊ ရေအောက်သို့ သက်ဆင်း၍ မနစ်မြုတ်နိုင်ကြပါ။”

"ရွာသူကြီး၊ ဤအတူသာလျှင် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်းစသော မကောင်းမှုဒုစရိုက်တို့မှ ရှောင်ကြဥ်၍ ကောင်းမှုသုစရိုက်တို့ကို ပြုလုပ်ထားသောသူတစ်ဦး ကွယ်လွန်သောအခါ လူအများက ထိုသူ၏ဘေး၌ စုပေါင်းထိုင်ကာ “ဤသူသည် အပယ်ငရဲသို့ ကျပါစေသတည်း၊ ဤသူသည် အပယ်ငရဲသို့ ကျပါစေသတည်း” ဟူ၍ ဝိုင်းဝန်းဆုတောင်းကြ၏။
“ဤသို့ လူအများ စုပေါင်း၍ တောင်းအပ်သောဆုသည် ပြည့်နိုင်ပါမည်လား”
“မပြည့်နိုင်ပါ အရှင်ဘုရား။”

အထက်ပါဒေသနာတော်တို့ကို အထောက်အထားပြု၍ ဆိုရလျှင် ဗုဒ္ဓဘာသာအလိုအရ "ဆုတောင်းခြင်း" သည် အခြားသော ဘာသာကြီးတို့၏ ဆုတောင်းခြင်းသဘောနှင့် သိသိသာသာ ကွဲပြားပါသည်။ ဘာသာကြီးအများစုက ကယ်တင်ခြင်းရဖို့၊ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတွေရဖို့ ဖန်ဆင်းရှင်နှင့် နတ်ဘုရားအဆူဆူတို့ထံတွင် ဆုတောင်းကြသည်။ ဆုတောင်းရုံဖြင့် တောင်းသည့်ဆုများ ပြည့်သည်ဟုလည်း ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာအလိုအရမူ ဆုတောင်းခြင်းသည် မိမိဖြစ်ချင်သောဆန္ဒကို ထုတ်ဖော်ပြောကြားခြင်းသာ ဖြစ်သည်။ ဆုမတောင်းခင်ဖြစ်စေ၊ ဆုတောင်းပြီးဖြစ်စေ မိမိလိုချင်သောအရာများ အမှန်တကယ်ဖြစ်လာစေဖို့ လုပ်ဆောင်ချက် (ကံ) ရှိရမည် ဖြစ်သည်။ သို့မှသာ မိမိတို့၏ တောင်းဆုများ ပြည့်စုံနိုင်မည် ဖြစ်ပါသည်။

ဝေဒနာဟူသည်

 2.5 ဝေဒနာစေတသိက်
  • မြန်မာအများစုက "ဝေဒနာ" ဟူသောပါဠိကို  နာကျင်မှု၊ ရောဂါဝေဒနာ စသည်ဖြင့် မကောင်းသည့်ဘက်က အသုံးပြုနေကြ၏။ အဘိဓမ္မာအလိုအားဖြင့် ဝေဒနာသည် အကောင်းအဆိုး နှစ်မျိုးလုံး ဖြစ်နိုင်သော သဗ္ဗစိတ္တသာဓာရဏစေတသိက်ဖြစ်၍ စိတ် (၈၉) ပါးလုံးနှင့် ယှည်၏။ စိတ်တစ်ခု ဖြစ်တိုင်းဖြစ်တိုင်း ခံစားမှုသဘော (ဝေဒနာ) ပါနေသည်ဟု မှတ်ရပါမည်။ 
  • ဝေဒနာကို မြန်မာစာ၊​ မြန်မာစကားအဖြစ် အသုံးပြုလျှင် ပြဿနာ မရှိသော်လည်း ဝေဒနာဟူသော ပါဠိပုဒ်၏အဓိပ္ပါယ်ကို ကောင်းကောင်း သိမထားပါက  ဘုရားဟောတရားတော်များကို လေ့လာရာတွင် နားလည်မှု လွှဲမှားခြင်းများ ဖြစ်နိုင်၏။ ထို့ကြောင့် ဝေဒနာဟူသော အသုံးအနှုန်းကို အဘိဓမ္မာနည်းဖြင့် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာမှတ်သားသင့်ပေသည်။ 
 
  • ဝေဒနာသည် ဘုရားဟော ဒေသနာတော်တို့၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေ၏။ ခန္ဓာငါးပါးတွင် ဝေဒနက္ခန္ဓာ၊ သတိပဋ္ဌာန်လေးပါးတို့တွင် ဝေဒနာနုပဿနာသတိပဋ္ဌာန်အဖြစ် ပါဝင်နေသလို ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌လည်း "ဝေဒနာပစ္စယာ တဏှာ" ဟူ၍ အရေးကြီးသော အကြောင်းအကျိုး အဆက်အစပ်တစ်ခုအဖြစ် ပါဝင်နေ၏။ ဝေဒနာ၏ အဓိပ္ပါယ်ကို နားမလည်ပါက ဘုရားဟောတရားတော်များကို မှန်မှန်ကန်ကန် သဘောပေါက်ရန် မလွယ်ကူပေ။
  • ဝေဒနာဟူသည် အာရုံ၏ အရသာကို ခံစားခြင်းသဘော ဖြစ်သည်။ ကောင်းသည့်အာရုံကို ကောင်းသည်ဟုလည်းကောင်း၊ မကောင်းသည့်အာရုံကို မကောင်းဟုလည်းကောင်း သိရှိ၊ နားလည်၊ ခံစားလိုက်ခြင်းသဘော ဖြစ်ပါသည်။ ဝေဒနာကို အကြမ်းဖျင်းအားဖြင့် (၃) မျိုး ခွဲခြားနိုင်သည်။ အာရုံ (၃) မျိုးကို အခြေခံ၍ ဝေဒနာ (၃) မျိုး ကွဲပြားသွားခြင်း ဖြစ်ပါသည်။
  1. သုခဝေဒနာ (ချမ်းသာသော၊ ကောင်းသော ခံစားမှု) (ဣဋ္ဌာရုံဟူသော နှစ်သက်ဖွယ်အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။)
  2. ဒုက္ခဝေဒနာ (ဆင်းရဲသော၊ မကောင်းသော ခံစားမှု) (အနိဋ္ဌာရုံဟူသော မနှစ်မြို့ဖွယ်အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။)
  3. အဒုက္ခမသုခဝေဒနာ (ဒုက္ခလည်းမဟုတ်၊ သုခလည်းမဟုတ်သော ခံစားမှု၊ အလယ်အလတ် ခံစားမှု (သို့မဟုတ်) ဥပေက္ခာဝေဒနာ) (ဣဋ္ဌမဇ္ဈတ္တာရုံ ဟူသော အလယ်အလတ်ဖြစ်သော အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။) 
  • ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ မြတ်စွာဘုရားက ဝေဒနာကို (၆) မျိုးခွဲ၍ ရှင်းလင်းဟောကြားတော်မူထား၏။ မျက်စိကို မှီ၍ ပေါ်လာသော ထိတွေ့မှုကြောင့် ခံစားမှုဝေဒနာ ဖြစ်၏ (စက္ခုသမ္ဖဿဇာ ဝေဒနာ)။ ထို့အတူ နားစသော အခြားဒွါရတို့ကို မှီ၍လည်း ဝေဒနာတို့ ပေါ်လာကြ၏။ ဤသို့လျှင် ဒွါရခြောက်ပါးရှိသည့်အလျောက် ဝေဒနာလည်း ခြောက်ပါးရှိမည် ဖြစ်သည်။
  • ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပျင်းခြင်း၊ ပျော်ခြင်း၊ ကြိုက်ခြင်း၊ မကြိုက်ခြင်းဟူသော စိတ်ခံစားချက်များ (emotions) သည် ဝေဒနာ မဟုတ်ပေ။ ဝေဒနာဟူသော ပါဠိကို အများစုက "Feeling" ဟု အင်္ဂလိပ်လို ဘာသာပြန်ကြ၏။ Feeling သည် Emotion ဘက် ယိမ်းသော အသုံးအနှုန်းဖြစ်၍ ထိုစကားလုံးကို ပညာရှင်အချို့က မနှစ်သက်ကြပေ။ 
  • ဝေဒနာကို "Mental sensation" "Feeling-tone" (သို့မဟုတ်) "Experience" ဟု ဘာသာပြန်နိုင်၏။ ဒွါရခြောက်ပါးနှင့် အာရုံခြောက်ပါးတို့ ထိတွေ့မှု (ဖဿ) ဖြစ်ချိန် ပေါ်လာသော  သိရှိခံစားမှု (Mental sensations / Feeling-tones) များကို ဝေဒနာဟု ခေါ်ခြင်းဖြစ်သည်။ ဒွါရနှင့်အာရုံဟူသော ရုပ်နှစ်ခု ထိတွေ့မှုကြောင့်  ဖြစ်ပေါ်လာသော ကောင်း၊ မကောင်း၊ အလယ်အလတ် ခံစားမှုအတွေ့အကြုံ (experience) ဟူသမျှသည် ဝေဒနာ ဖြစ်၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာ၌ "ဖဿပစ္စယာ ဝေဒနာ" ဖဿကြောင့် ဝေဒနာ ဖြစ်၏ဟု ဆိုခြင်းဖြစ်၏။ 
  • အရသာထူးကဲသော အစားအစာကို စားရလျှင် ကောင်းသည့်အရသာ ပေါ်လာ၏။ ထိုအရသာကို သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ထိုအရသာကို ကြိုက်နှစ်သက်ခြင်း၊ သဘောကျနှစ်ခြိုက်မှုသည် လောဘစေတသိက် ဖြစ်၏။ 
  • ကြမ်းတမ်း၍ အရသာမရှိသော အစားအစာကို စားရလျှင် မကောင်းသော အရသာ ပေါ်လာ၏။ အရသာမကောင်းဟု သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ဟင်းမကောင်း၍ မကြိုက်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းသည် ဒေါသစေတသိက် ဖြစ်၏။
  • နေပူထဲသွားလျှင် ပူသောခံစားမှု ရ၏။ နှင်းကျချိန် အပြင်ထွက်လျှင် အေးသောခံစားမှု ရ၏။ ထိုအပူ၊ အအေးတို့ကို သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ထိုအပူအအေးတို့ကြောင့် စိတ်ဆိုးဒေါသထွက်ခြင်းသည် ဒေါသစေတသိက် ဖြစ်၏။ 
  • ဝေဒနာသည် ခန္ဓာကိုယ်တွင်ဖြစ်သော ရုပ်နာကျင်မှုကို ခေါ်ခြင်း မဟုတ်၊ နာကျင်နေသော ရုပ်ကို  သိရှိခံစားမှုသည်သာ ဝေဒနာ ဖြစ်၏။ ဝေဒနာသည် စိတ်ထဲတွင် ပေါ်လာသော  အာရုံကို သိရှိခံစားခြင်းသဘော ဖြစ်၏။ သုတ္တန်အချို့၌ ရုပ်နာကျင်မှုသဘောကို ဝေဒနာဟု ဆိုသော်လည်း တင်စား ခေါ်ဝေါ်ခြင်းသာ ဖြစ်၏။
  • ဝေဒနာသည် အာရုံကို သိရှိခံစားမှုဖြစ်၍ ခန္ဓာရှိသော သတ္တဝါတိုင်း၌ ဝေဒနာ ဖြစ်နိုင်၏။ ဘုရားရဟန္တာတို့သည် အစားအသောက်ကောင်းကို စားရလျှင် ကောင်းသော အရသာကို သိရှိခံစားရ၏။ နေပူထဲသွားလျှင် ပူသောဝေဒနာ ခံစားရ၏။ ရောဂါဝေဒနာဖြစ်လျှင်လည်း နာကျင်ခံခက်သော ဒုက္ခဝေဒနာကို ခံစားကြရ၏။ သို့သော် ထိုခံစားမှုဝေဒနာတို့ကြောင့် စိတ်ခံစားမှုဟူသော လောဘ၊ ဒေါသစိတ်များ မဖြစ်ကြပေ။ 
  • သာမန်လူတစ်ယောက်သည်ပင် ဝေဒနာကို ဝေဒနာဟု သိပြီး သတိသမ္ပဇဥ်ဉာဏ်ယှည်၍ နေပါလျှင် "ဝေဒနာပစ္စယာ တဏှာ" မဖြစ်ဘဲ လောဘ၊ ဒေါသစသော စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ 
  • ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ရပ်တို့တွင် "ဝေဒနာပစ္စယာ တဏှာ" (ဝေဒနာကြောင့် တဏှာဖြစ်၏) ဟူသော အကြောင်းအကျိုး အဆက်အစပ် (သန္ဓိ) ကို နားလည်ရန် အရေးကြီး၏။ ဝေဒနာပေါ်လာချိန် တဏှာ မဖြစ်အောင် သတိကပ်ထားနိုင်ခြင်းသည် ဆင်းရဲမှန်သမျှ ကင်းငြိမ်းကြောင်း၊ ဒုက္ခသံသရာပျက်ကြောင်း၊ နိဗ္ဗာန်ရကြောင်း ဖြစ်ပေသည်။ ခံစားမှုဝေဒနာတို့၏ သဘာဝကို အရှိကို အရှိအတိုင်း သတိကပ်၍ ရှု့မှတ်နေခြင်းသည်ပင် ဝေဒနာနုပဿနာသတိပဋ္ဌာန် ဖြစ်၏။ ဝေဒနာသုံးပါးကို အခြေခံ၍ သတိတရား တိုးပွားအောင် ကျင့်ကြံပွားများ အားထုတ်နေခြင်းသည်ပင် တရားထိုင်ခြင်း (Meditation) ဖြစ်ပေသည်။
  • ဒေသနာတော်တို့၌ ဖဿပစ္စယာ ဝေဒနာဟု ရှေ့နောက်အစဥ်သဘောဖြင့် ဟောကြားခဲ့သော်လည်း ဖဿနှင့် ဝေဒနာတို့သည် တစ်ခုပြီးမှ တစ်ခု ပေါ်လာခြင်းမဟုတ်ဘဲ နှစ်ခုလုံး တပြိုင်နက်တည်း ပေါ်လာကြခြင်း ဖြစ်၏။ ဒွါရနှင့်အာရုံတို့ ထိတွေ့မှု (ဖဿ) အင်အား ကောင်းလျှင်ကောင်းသလောက် ခံစားမှု (ဝေဒနာ) သည်လည်း အင်အားကောင်းမည်ဖြစ်သည်။ ဖဿအင်အား နည်းလျှင်နည်းသလောက် ဝေဒနာလည်း အင်အားနည်းမည် ဖြစ်သည်။


  • ဝေဒနာကို ကျမ်းဂန်တို့၌ စားဖွယ်အစုံဖြင့် ပွဲတော်တည်သော ဘုရင်နှင့် ဥပမာပေးကြ၏။ စားတော်ကဲ (စားဖိုမှူး) သည် ဘုရင်ကြီး မစားခင် အဆိပ်အတောက် ရှိ၊ မရှိ စုံစမ်းရန် ဟင်းခွက်တိုင်းကို အနည်းငယ်စီ ယူ၍ စားပြရ၏။ အန္တရာယ်မရှိမှန်း သိမှသာ ဘုရင်က စားဖွယ်စုံကို အားရပါးရ ခံစားသုံးဆောင်၏။ ဝေဒနာသည် မင်းကြီးနှင့်တူ၍ အာရုံ၏ အရသာကို ပြည့်ပြည့်ဝဝ ခံစား၏။ ဖဿစသော အခြားစေတသိက်တို့သည်လည်း အာရုံ၏ အရသာကို ခံစားခြင်းသဘောရှိကြ၏။ ဖဿစသော အခြားစေတသိက်တို့သည် စားတော်ကဲကဲ့သို့ အာရုံ၏ အရသာကို ပြည့်ပြည့်ဝဝ မခံစားနိုင်ကြဘဲ တစ်စိတ်တစ်ဒေသကိုသာ သိရှိခံစားနိုင်ကြပေသည်။ 
2.6 ပုထုဇဥ်နှင့်အရိယာ ကွာခြားချက်
  • မြတ်စွာဘုရားသည် ဝေဒနာသံယုတ်၊ သလ္လသုတ္တန် (သံ၊၂၊ ၄၀၉) ၌ ပုထုဇဉ်နှင့် အရိယာတို့၏ ကွဲပြားခြားနားချက်ကို ဟောကြားတော်မူထားပါသည်။
  • ပုထုဇဉ်သည် ဒုက္ခဝေဒနာကို တွေ့ကြုံခံစားရချိန်၌ စိုးရိမ်ပူဆွေး ငိုကြွေး၏။ ဒုက္ခဝေဒနာကို ခံစားရခြင်းကြောင့် ကိုယ်ဆင်းရဲမှု (ကာယိကဒုက္ခ) သာမက စိတ်ဆင်းရဲမှု (စေတသိကဒုက္ခ) ကိုပါ ခံစားရ၏။ ဒုက္ခဝေဒနာကို ခံစားရသောအခါ မကျေမနပ် ဖြစ်၏ (ပဋိဃာနုသယ)။ ပုထုဇဥ်သည် ဒုက္ခဝေဒနာကို ခံစားရချိန်၌ ကာမဂုဏ်ချမ်းသာ (ကာမသုခ) ကို မျှော်လင့်တောင့်တ၏။ ကာမဂုဏ်ချမ်းသာဖြင့် လွတ်လမ်းကို ရှာ၏။ (ဥပမာအားဖြင့် ဒုက္ခနှင့်တွေ့ကြုံတိုင်း အရက်သောက်၍ လက်ရှိကြုံတွေ့နေရသော ပြဿနာကို မေ့ပျောက်နိုင်အောင် ကြိုးစားခြင်း၊ စိတ်ဖိစီးမှုဖြစ်လာတိုင်း စိတ်ပြေလက်ပျောက်ဖြစ်ဖို့ အစားအသောက်တို့ကို နင်းကန်စားခြင်း စသည်များတည်း။) 
  • ကာမဂုဏ်ချမ်းသာကို တရှိုက်မက်မက် ခံစားသော ပုထုဇဥ်သည် သုခဝေဒနာ၌ စွဲလမ်းတပ်မက်မှု ရာဂ ဖြစ်၏ (ရာဂါနုသယ)။ ကာမဂုဏ်ချမ်းသာတို့၏ အပြစ်နှင့် ထိုကာမဂုဏ်တို့မှ လွတ်မြောက်ကြောင်းကိုလည်း ကောင်းစွာ မသိပေ (သမာဓိနှင့် မဂ်တရားဖိုလ်တရားများ။ အဋ္ဌကထာ)။ ထို့ကြောင့်ပင် အဒုက္ခမသုခဝေဒနာ၌ မှန်မှန်ကန်ကန် မသိမှု အဝိဇ္ဇာ ဖြစ်၏ (အဝိဇ္ဇာနုသယ)။ 
  • ပုထုဇဥ်သည် ဝေဒနာသုံးမျိုးတို့နှင့် တွေ့ကြုံတိုင်း ကိလေသာတို့နှင့်ရောယှက်၍သာ ခံစား၏။ ပထမ အပစ်ခံရသော မြားဒဏ်ရာနေရာ၌ နောက်ထပ်မြားတစ်စင်း အပြစ်ခံရလျှင် ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားရသကဲ့သို့ ပုထုဇဥ်သည် ဒုက္ခဝေဒနာခံစားရချိန်၌ ကိုယ်ဆင်းရဲမှုတည်းဟူသော ပထမမြားသာမက စိတ်ဆင်းရဲမှုတည်းဟူသော ဒုတိယမြားပါ အစူးခံရ၏။
  • အရိယာတို့သည်ကား ကာယိကဒုက္ခဝေဒနာကို တွေ့ကြုံခံစားရချိန်၌ ခန္ဓာကိုယ်ရှိနေသေး၍ ကာယိကဒုက္ခကိုကား ခံစားရသေး၏၊ စိတ်ဒုက္ခကိုကား မခံစားရတော့ပေ။ ဒုက္ခဝေဒနာကို ခံစားရခြင်းကြောင့်လည်း မကျေနပ်မှု ဒေါသ မဖြစ်ပေ (ပဋိဃာနုသယငြိမ်း)။ အရိယာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ ခံစားရချိန်၌ ကာမဂုဏ်ချမ်းသာကိုလည်း မျှော်လင့်တောင့်တခြင်း မရှိ။ ကာမဂုဏ်ဖြင့်လည်း လွတ်လမ်းမရှာပေ။ အဘယ့်ကြောင့်ဆိုသော် အရိယာသည် ကာမဂုဏ်မှတစ်ပါးသော ဒုက္ခလွတ်မြောက်ကြောင်းအကျင့်ကောင်းတို့ကို (သမာဓိ၊ မဂ္ဂဖလ) သိသောကြောင့် ဖြစ်၏။ ကာမသုခကို မစွဲလမ်း မတပ်မက်သော အရိယာ၏ သဏ္ဍာန်၌ သုခဝေဒနာကို အခြေခံ၍ ပေါ်လာနိုင်သော တပ်မက်မှုရာဂလည်း မရှိတော့ပေ (ရာဂါနုသယငြိမ်း)။ ကာမဂုဏ်ချမ်းသာတို့၏ အပြစ်နှင့် ထိုကာမဂုဏ်တို့မှ  လွတ်မြောက်ကြောင်းကိုလည်း ကောင်းစွာ သိ၏။ ထို့ကြောင့်ပင် အဒုက္ခမသုခဝေဒနာ၌ မသိမှု အဝိဇ္ဇာ မဖြစ်တော့ပေ (အဝိဇ္ဇာနုသယငြိမ်း)။ 
  • အရိယာတို့သည် ဝေဒနာသုံးပါးကို ကိလေသာနှင့် မရောယှက်ဘဲ ခံစားကြ၏။ အရိယာတို့သည် ခန္ဓာကိုယ်ရှိနေသေး၍ ကာယိကဒုက္ခဝေဒနာဟူသော ပထမမြား အစူးခံရသော်လည်း စိတ်ဒုက္ခတည်းဟူသော ဒုတိယမြား အစူးမခံရတော့ပေ။ 
  • ဤသည်ပင် ပုထုဇဥ်နှင့် အရိယာပုဂ္ဂိုလ်တို့၏ ကွဲပြားခြားနားချက် ဖြစ်ပါသည်။


ဆက်လက်ဖတ်ရှုရန် ကျမ်းညွှန်း 
  1. အဋ္ဌသာလိနီအဋ္ဌကထာ - ၁၅၂
  2. သင်္ဂြိုဟ်ဘာသာဋီကာ (ဇွန်လ၊ ၂၀၀၂) - ၁၀၀
  3. အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ) (၂၀၀၃ ခုနှစ်) - ၂၄၂ 
  4. အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) (ဩဂုတ်လ၊၂၀၁၀) - ၂၂၈


စေတသိက်ပိုင်း (အပိုင်း - ၂)


2.3 စေတသိက် (၅၂) ပါး
  1. အညသမာန်းစေတိသက် = ၁၃ ပါး 
  2. အကုသိုလ်စေတသိက် = ၁၄ ပါး
  3. သောဘနစေတသိက် = ၂၅ ပါး
  • အညသမာန်းဟူသည် အညသမာန - ဟူသော ပါဠိကို မြန်မာမှုပြုထားခြင်းဖြစ်၍ အည - အခြားတစ်ဖက်က စိတ်နှင့် + သမာန - တူခြင်းဟု အဓိပ္ပါယ်ရ၏။ အင်္ဂလိပ်လို Common to the other [cittas] ဟု ဘာသာပြန်နိုင်၏။ စိတ်က အကုသိုလ်ဖြစ်လျှင် အညသမာန်းစေတသိက် (၁၃) ပါးက အကုသိုလ်ဖြစ်သွား၍ အကုသိုလ်နှင့် သဘာဝချင်း တူမျှသွား၏။ စိတ်က သောဘနဖြစ်လျှင်လည်း အညသမာန်းစေတသိက်တို့က သောဘန ဖြစ်သွား၍ သောဘနစိတ်တို့နှင့် သဘာဝချင်း တူသွား၏။ ထို့ကြောင့် အညသမာန်းစေတသိက်တို့သည် အကုသိုလ်စိတ်၊ သောဘနစိတ်ဟူသော အကောင်းအဆိုး နှစ်မျိုးလုံးနှင့် ဆက်ဆံသော နှစ်ဖက်ရစေတသိက်များ ဖြစ်ကြ၏။ ဘုန်းကြီးလောကတွင် ဆန့်ကျင်ဘက် အဖွဲ့နှစ်ဖွဲ့လုံးနှင့် အဆင်ပြေအောင် ဆက်ဆံနိုင်သော ဦးဇင်းကို နှစ်ဖက်ရဖြစ်၍ "အညသမာန်းဦးဇင်း" ဟု ခေါ်ဝေါ်သမုတ်ကြသည်။
  • စိတ် (၈၉) ပါးတို့တွင် အဟိတ်စိတ်များသည် ကုသိုလ်၊ အကုသိုလ်ဟု မဆိုနိုင်သော ကြားနေစိတ်များ ဖြစ်ကြ၏။ အညသမာန်းစေတသိက်တို့သည် ကြားနေဖြစ်သော အဟိတ်စိတ်တို့နှင့်လည်း ယှည်ကြသောကြောင့် သုံးဘက်ရစေတသိက်များဟုပင် ဆိုနိုင်ပါသည်။ (ကုသိုလ် + အကုသိုလ် + အဟိတ်)
  • အကုသိုလ်စေတသိက် (၁၄) ပါးတို့သည် အဖြူထည်စိတ်ကို ညစ်နွမ်းသွားအောင် လွှမ်းမိုးခြယ်လှယ်ကြ၏။ မကောင်းသော စေတသိက်များဖြစ်၍ အကုသိုလ်စိတ် (၁၂) ပါးတို့၌သာ ယှည်ကြပါသည်။ 
  • သောဘနစေတသိက် (၂၅) ပါးတို့ကား အဖြူထည်စိတ်ကို တင့်တယ်ကောင်းမြတ်အောင် လွှမ်းမိုးခြယ်လှယ်ကြသော စေတသိက်များ ဖြစ်ကြ၏။ တင့်တယ်ကောင်းမြတ်သော စေတသိက်များဖြစ်၍ သောဘနစိတ် (၅၉) ပါးတို့၌သာ ထိုက်သည့်အားလျှော်စွာ ယှည်ကြပါသည်။ 

အညသမာန်းစေတသိက် (၁၃) ပါး 
  1. သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇ ပါး
  2. ပကိဏ်းစေတသိက် = ၆ ပါး
  • သဗ္ဗစိတ္တသာဓာရဏဟူသော ပါဠိကို သဗ္ဗ + စိတ္တ + သာဓာရဏ ဟု သုံးပုဒ်ခွဲနိုင်၏။ အလုံးစုံသော + စိတ်တို့နှင့် + ဆက်ဆံသော (ယှည်သော) စေတသိက်များဟု အဓိပ္ပါယ်ရပါသည်။ ဤစေတသိက်တို့သည် စိတ် (၈၉) ပါးလုံးနှင့် ယှည်သောကြောင့် Universal mental factors ဟု ဘာသာပြန်ဆိုကြခြင်း ဖြစ်၏။ ရုပ်ကလာပ်စည်းတစ်ခုတွင် အနည်းဆုံး အဝိနိဗ္ဘောဂရုပ် (၈) ပါးတို့ စုပေါင်းဖွဲ့စည်း၍ မခွဲမခွါ အတူတကွ ဖြစ်ကြသကဲ့သို့ နာမ်ကလာပ်စည်းတစ်ခုတွင်လည်း အာရုံကို သိကာမျှဖြစ်သောစိတ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတည်းဟူသော နာမ်တရား (၈) ပါးတို့ အတူတကွ ဖြစ်ကြပါသည်။
  • ပကိဏ်းဟူသည် ပကိဏ္ဏက ဟူသော ပါဠိကို မြန်မာမှုပြုထားခြင်းဖြစ်၍ "ရောရောနှောနှော" ယှည်ကြသော စေတသိက်များဟု အဓိပ္ပါယ်ရ၏။ ၄င်းစေတသိက်တို့သည် ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တို့နှင့် ဟိုတချို့သည်တချို့ ရောရောနှောနှော ဆက်ဆံကြသောကြောင့် ပကိဏ်းဟု ခေါ်ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဤစေတသိက်တို့သည် အကောင်းအဆိုး (ကုသိုလ်၊ အကုသိုလ်) နှစ်မျိုးလုံး ဖြစ်နိုင်ကြသော စေတသိက်များ ဖြစ်ကြပေသည်။

သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇ ပါး
  1. ဖဿစေတသိက်
  2. ဝေဒနာစေတသိက်
  3. သညာစေတသိက်
  4. စေတနာစေတသိက်
  5. ဧကဂ္ဂတာစေတသိက်
  6. ဇီဝိတိန္ဒြေစေတသိက်
  7. မနသိကာရစေတသိက်

2.4 ဖဿစေတသိက်
  • အာရုံကို "တွေ့ထိမှု" သဘောသည် ဖဿဖြစ်၏။ ဖဿသည် အာရုံနှင့်စိတ်တို့ တွေ့ဆုံကြရန် မိတ်ဆက်ပေးသော စေတသိက်ဖြစ်ပါသည်။ ဒွါရ (၆) ပါးတို့၌ အာရုံခြောက်ပါး ထင်လာခြင်း၊ ထိတွေ့မှုဖြစ်ခြင်းကိုပင် ဖဿဟု ခေါ်ခြင်း ဖြစ်၏။ ဖဿ၏ သဘောကို  သုတ္တန်များစွာတို့၌ လာရှိသော အောက်ပါပါဠိဖြင့်  နားလည်နိုင်ပါသည်။
  • စက္ခုဥ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော။ (ဆဆက္ကသုတ္တန်၊ မ၊၃၊၃၂၉) 
  • စက္ခုဥ္စ = စက္ခုပသာဒရုပ်ဟုဆိုအပ်သော မျက်စိကိုလည်းကောင်း၊ ရူပေ စ - မြင်စရာ ရူပါရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ - အကြောင်းပြု၍၊ စက္ခုဝိညာဏံ - မြင်သိစိတ် စက္ခုဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်လာ၏။ တိဏ္ဏံ - စက္ခုပသာဒ၊ ရူပါရုံ၊ စက္ခုဝိညာဏ် သုံးခုတို့၏၊ သင်္ဂတိ - ပေါင်းစုံမိခြင်းသည် (ဝါ) ထိတွေ့မှုသည်၊ ဖဿော -  ဖဿမည်၏။
  • စက္ခုပသာဒရုပ် (မျက်စိ) နှင့် ရူပရုပ် (ရူပါရုံ) ဟူသော ရုပ်နှစ်ခု ထိတွေ့မှု  (ဖဿစေတသိက်) ကြောင့် စက္ခုဝိညာဏ်စိတ်ကလေး ပေါ်လာခြင်းဖြစ်၏။ သာမှန်အားဖြင့်ကြည့်လျှင် ဖဿစေတသိက်နှင့် စက္ခုဝိညာဏ်စိတ်တို့သည် တစ်ခုပြီးမှ တစ်ခု ပေါ်လာသကဲ့သို့ ဖြစ်နေ၏။ အမှန်အားဖြင့် စက္ခုပသာဒရုပ်နှင့် ရူပရုပ်တို့ ထိတွေ့မှု ဖြစ်လျှင်ဖြစ်ခြင်း စက္ခုဝိညာဏ်စိတ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတည်းဟူသော နာမ်တရား (၈) ပါးလုံး တပြိုင်တည်း ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေသည်။  
  • ဤ၌ "တွေ့ထိခြင်း" ဟူသည် လက်နှစ်ဖက် အချင်းချင်း ထိခြင်း၊ ကြမ်းပြင်ပေါ် ထိုင်နေသောသူ၏ ခန္ဓာကိုယ်နှင့်ကြမ်းပြင် ထိခြင်းကဲ့သို့ ရုပ်တရားနှစ်ခု ထိတွေ့ခြင်းမျိုးမဟုတ်။ ရုပ်တရားနှစ်ခု ထိတွေ့တိုင်း ဖဿစေတသိက် မပေါ်နိုင်ပေ။  ဖဿစေတသိက်သည် နာမ်တရားဖြစ်၏။ ရုပ်တရားနှစ်ခု ထိတွေ့မှုဖြစ်ချိန် နှလုံးသွင်းမှု (မနသိကာရစေ) ရှိပါမှ စိတ်ဖြင့်ထိတွေ့မှုဟူသော ဖဿစေတသိက် ပေါ်လာနိုင်ပါသည်။ ဤအကြောင်းကို နားလည်ရန် ဥပမာအချို့ဖြင့် ရှင်းပြလိုပါသည်။ 
  • အိမ်ပေါက်ဝတွင်ထိုင်၍ စိတ်ညစ်စရာများတွေးကာ ငေးမောနေသော အမျိုးသမီးက သူ့အမျိုးသား ဝင်လာသည်ကို မမြင်ရသည့် အခိုက်အတန့်များ ရှိတတ်၏။ အမျိုးသား၏ပုံရိပ် (ရူပရုပ်) က မျက်လုံးအိမ် (စက္ခုပသာဒရုပ်) တွင် ထင်လာသော်လည်း မနသိကာရဟူသော နှလုံးသွင်းမှု မရှိသောကြောင့် မမြင်ခြင်း ဖြစ်၏။ မနသိကာရသည် စက္ခုဝိညာဏ်စိတ်နှင့် ဖဿစေတသိက်တို့ ဖြစ်ပေါ်ဖို့ရာ အရေးကြီးသော အင်္ဂါရပ် ဖြစ်၍ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတွင် ပါဝင်သော စေတသိက်တစ်ပါး ဖြစ်ပါသည်။ "သတိမမူ ဂူမမြင်" ဟူသော ဆိုရိုးစကားမှာ မျက်စိနှင့် မြင်စရာအာရုံဟူသော ရုပ်တရားနှစ်ခု ပေါင်းစုံမိသော်လည်း နှလုံးသွင်မှုမရှိလျှင် ဖဿစေတသိက် မဖြစ်နိုင်ကြောင်း ထင်ရှားစေသော စကား ဖြစ်၏။
  • အမေက အော်ကြီးဟစ်ကျယ် အော်ခေါ်နေသော်လည်း စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှု့နေသောသမီးက ခေါ်မကြားအော်မကြား အခိုက်အတန့်များ ရှိတတ်၏။ အသံ (သဒ္ဒရုပ်) က နား (သောတပသာဒရုပ်) ၌ လာရိုက်ခတ်သော်လည်း နှလုံးသွင်းမှု (မနသိကာရ) မရှိသောကြောင့် သောတဝိညာဏ်စိတ်နှင့် ဖဿစေတသိက်တို့ မဖြစ်ပေါ်နိုင်ခြင်း ဖြစ်၏။
  • ကျမ်းဂန်တို့၌ ဖဿစေတသိက်၏ သဘောကို အချဥ်သီးကို စားသူကိုမြင်၍ သွားရည်ကျခြင်းဥပမာဖြင့် ရှင်းပြကြပါသည်။ ချဥ်စူးနေသော သံပုရာသီးကို စားနေသူကို မြင်ရသောအခါ ကိုယ်တိုင်မစားရသော်လည်း သွားရည်ကျလာတတ်၏။ ထိုသို့သွားရည်ကျခြင်းမှာ စက္ခုပသာဒ (မျက်စိ) ၌ သံပုရာသီးဟူသော ရူပါရုံ ထင်လာချိန် စိတ်ဖြင့်ထိတွေ့မှု (ဖဿစေတသိက်) ၏ သဘော ထင်ရှားခြင်းကြောင့် ဖြစ်ပါသည်။ ခြင်္သေ့၊ ကျားစသော သားကောင်ကြီးများက သမင်၊ ယုန်စသော သားကောင်ငယ်လေးများကို အရှိန်ဖြင့် ပြေးလိုက်နေသည်ကို မြင်ရလျှင် ကိုယ်တိုင်ပြေးနေရသကဲ့သို့ မောဟိုက်လာတတ်၏။ ဤသည်မှာလည်း ဖဿစေတသိက်၏ အစွမ်းပင် ဖြစ်ပေသည်။

စေတသိက်ပိုင်း (အပိုင်း - ၁)

  • စေတသိက်ပိုင်း၌ စေတသိက် (၅၂) ပါးတို့ကို အဓိကပြဆို၍ စိတ်နှင့် စေတသိက်တို့ အတူယှည်တွဲဖြစ်ပုံကိုလည်း နည်းနှစ်နည်းဖြင့် ရှင်းလင်းထားပါသည်။


2.1 စေတသိက်ဟူသည်
  •  စေတသိက်ဟူသည် "စေတသိက" ဟူသောပါဠိကို မြန်မာမှုပြုထားသည့် ပါဠိသက်ဝေါဟာရ ဖြစ်၏။ "စိတ်နှင့်ယှည်သော တရားများ" (စေတောယုတ္တာ) ဟု အဓိပ္ပါယ်ရ၏။ [ပရမတ္ထဒီပနီ၌ စေတသိ ယုတ္တာ စေတသိကာဟု ဖွင့်၏။ စိတ်၌ယှည်သော တရားများဟု အဓိပ္ပါယ်ရ၏။] စေတသိက်တို့သည် စိတ်နှင့်ယှည်၍ စိတ်ကို ခြယ်လှယ်တတ်သော သဘာဝတရားများ ဖြစ်ကြ၏။ စိတ်ဖြစ်ပုံ၊ စိတ်အလုပ်လုပ်ပုံ (Mental functions) ကိုပင် စေတသိက်ဟု ခေါ်ခြင်း ဖြစ်သည်။  ထို့ကြောင့် လူ့သဘောလူ့မနောကို ရှင်းရှင်းလင်းလင်း သိမြင်လိုလျှင် စေတသိက်တို့ကို စေ့ငုသေချာ လေ့လာသင့်ပေသည်။
  • စေတသိက်တို့က စိတ်ကို ခြယ်လှယ်ပုံကို မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားထား၏။ 
  • "ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဥ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။" (အံ၊၁၊၉)။ "ရဟန်းတို့ ဤစိတ်သည် ပြိုးပြိုးပြက်ပြက်ထွက်သော အရောင်ရှိ၏ (ဝါ) ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏။ ထိုစိတ်သည်ပင် ဧည့်သည်ဖြစ်ကုန်သော (လောဘ၊ ဒေါသစသော) အညစ်အကြေးတို့ကြောင့် ညစ်နွမ်းရ၏။" လောဘ၊ ဒေါသတို့သည် စိတ်ကို ညစ်နွမ်းသွားအောင် လွှမ်းမိုးခြယ်လှယ်လိုက်သည့် စေတသိက်များ ဖြစ်ကြ၏။
  • စိတ်ကို အရောင်မရှိသော ရေနှင့်ဥပမာပေး၍ စေတသိက်များကို ဆိုးဆေးအရောင်ဖြင့် တင်စားကြပါသည်။ ရေသည် သန့်ရှင်းစင်ကြယ်၏။ ထိုရေထဲသို့ အနက်ရောင်ဆိုးဆေး ထည့်လိုက်လျှင် ရေသည် အနက်ရောင် ပြောင်းသွား၏၊ အဖြူရောင်ဆိုးဆေးထည့်လိုက်လျှင် ရေသည် အဖြူရောင် ပြောင်းသွားမည် ဖြစ်သည်။ ထိုနည်းတူစွာပင် စိတ်သည် အာရုံကို သိခြင်းမျှသာဖြစ်၍ ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏။ စေတသိက်တို့က လွှမ်းမိုးခြယ်လှယ်လိုက်သည့်အတွက် စိတ်က မကောင်းသောစိတ် (အကုသိုလ်စိတ်)၊ ကောင်းသောစိတ် (ကုသိုလ်စိတ်) အဖြစ် အရောင်ပြောင်းသွားခြင်း ဖြစ်၏။ မကောင်းသော စေတသိက်တို့ အခြယ်လှယ်ခံရသော စိတ်က အကုသိုလ်စိတ် ဖြစ်သွား၍ ကောင်းသော စေတသိက်တို့ လွှမ်းမိုးခံရသောစိတ်က ကုသိုလ်စိတ် ဖြစ်သွား၏။ ဤသဘောကို မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ကဗျာသီးကုံး၍ ပြဆိုခဲ့ပါသည်။
  • စိတ်၏ တံထွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိယုံမျှ၊  ဖုံဖုံ ကောင်း ဆိုး၊ မကွဲရိုးတည်း။ တစ်မျိုးတွဲဖက်၊ စေတသိက်တွက်ကြောင့်၊ သက်သက်ဆိုးကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ်၊ ကောင်းလည်း စိတ်ဟု၊ ခွဲကြိတ်စမြဲ၊ ဥဒါန်းကဲသည်၊ စိတ်လည်း စေတသိက်ကြောင့်သာကိုး။ (ကိုယ်ကျင့်အဘိဓမ္မာ - နှာ - ၁၂)

2.2 စေတသိက်လက္ခဏာ (၄) ပါး
  • စိတ်နှင့် စေတသိက်တို့သည် အညမညသဘောအားဖြင့် အချင်းချင်း ဆက်စပ်နေကြ၏။ ၎င်းတို့၏ ဆက်စပ်မှုကို နားလည်ရန်အတွက် စေတသိက်လက္ခဏာလေးပါးကို သိဖို့ လိုအပ်ပါသည်။
  1. ဧကုပ္ပါဒ = စိတ်နှင့်အတူဖြစ်ခြင်း 
  2. ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း 
  3. ဧကာလမ္ဗဏ = စိတ်နှင့်တူသော အာရုံရှိခြင်း
  4. ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း 
၁။ ဧကုပ္ပါဒ (ဧက + ဥပ္ပါဒ) = စိတ်နှင့်အတူဖြစ်ခြင်း 
  • စိတ်ဖြစ်လျှင် စေတသိက်ပါ တပြိုင်နက် အတူဖြစ်၏။ စိတ်ဖြစ်ပြီးမှ စေတသိက်ဖြစ်ခြင်းမဟုတ်သလို စေတသိက်ဖြစ်ပြီးမှ စိတ်ပေါ်လာခြင်းလည်း မဟုတ်ပေ။
၂။ ဧကနိရောဓ (ဧက + နိရောဓ) = စိတ်နှင့်အတူချုပ်ခြင်း (စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့ကို ကန့်သတ်၏)
  • ဧကနိရောဓလက္ခဏာဖြင့် စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့ကို ကန့်သတ်လိုက်ခြင်း ဖြစ်၏။ စိတ်နှင့် စေတသိက်တို့သည် ဥပါဒ် (ဖြစ်ခြင်း)၊ ဌီ (ခဏတည်တံ့နေခြင်း)၊ ဘင် (ချုပ်သွားခြင်း) ဟူသော ခဏငယ်သုံးချက် အသက်ရှည်၏။ ထိုခဏငယ်သုံးချက်ကိုပင် "စိတ္တက္ခဏတစ်ချက်" ဟုခေါ်၍ ထိုစိတ္တက္ခဏတစ်ချက်ကာလသည်ပင် စိတ်၊ စေတသိက်တို့၏ သက်တမ်းဖြစ်၏။ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်နှင့် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့သည် စိတ်နှင့် အတူဖြစ်ခြင်း (ဧကုပ္ပါဒ) သဘောရှိသော်လည်း စိတ်နှင့်အတူ မချုပ်သေးဘဲ စိတ္တက္ခဏ (၁၇) ချက်ကြာမှ ချုပ်၏။ စိတ်နှင့်စေတသိက်တို့က အတူချုပ်သွားသော်လည်း ၎င်းတို့နှင့် အတူဖြစ်ခဲ့သော  စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့က မချုပ်သေးဘဲ ဆက်လက်ဖြစ်ပွားနေသောကြောင့် ထိုရုပ်တရားတို့သည် စိတ်နှင့်အတူချုပ်ခြင်းဟူသော ဧကနိရောဓလက္ခဏာ မရှိပေ။
၃။ ဧကာလမ္ဗဏ (ဧက + အာလမ္ဗဏ/ အာရမ္မဏ)= စိတ်နှင့်တူသော အာရုံရှိခြင်း (ဝိညတ်ဒွေကို ကန့်သတ်၏)
  • စိတ်က မြင်စရာအာရုံ (ရူပါရုံ) ကို အာရုံယူလျှင် စေတသိက်ကလည်း ရူပါရုံကိုပင် အာရုံယူ၏။ စိတ်က အသံအာရုံ (သဒ္ဒါရုံ) ကို အာရုံပြုလျှင် စေတသိက်ကလည်း သဒ္ဒါရုံကိုပင် အာရုံပြု၏။ အာရုံခြောက်ပါး တစ်ပါးပါးအနက် စိတ်က ယူသောအာရုံကို စေတသိက်ကယူ၏။ ထို့ကြောင့် စိတ်နှင့် စေတသိက်တို့သည် အချိန်တိုင်း ယူသောအာရုံ တူကြပါသည်။
  • ဧကာလမ္ဗဏလက္ခဏာဖြင့် ကာယဝိညတ်၊ ဝစီဝိညတ်ဟူသော ဝိညာတ်ဒွေကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ ရုပ် (၂၈) ပါးတို့တွင်  စိတ်သို့အစဉ်လိုက်၍ ဖြစ်သောတရားများ (စိတ္တာနုပရိဝတ္တိနော ဓမ္မာ) တွင် ပါဝင်သော ဝိညတ်ဒွေသည်  စိတ်နှင့်အတူဖြစ်၍ စိတ်နှင့်အတူချုပ်သွားကြ၏။  စိတ်နှင့် စေတသိက်တို့သည် နာမ်တရားဖြစ်၍ အာရုံကို သိတတ်သောသဘောရှိ၏။ ဝိညတ်ဒွေသည် ရုပ်ဖြစ်၍ အာရုံကို သိတတ်သော သဘောမရှိပေ။ ထို့ကြောင့် ဧကာလမ္ဗဏဟူသော လက္ခဏာဖြင့် ဝိညတ်ဒွေ ရုပ်နှစ်ပါးကို ကန့်သတ်လိုက်ခြင်း ဖြစ်၏။
၄။ ဧကဝတ္ထုက (ဧက + ဝတ္ထု + က) = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း 
  • စိတ်က မျက်စိဟူသော မှီရာ (စက္ခုဝတ္ထု) ကို မှီ၍ ပေါ်လျှင် စေတသိက်ကလည်း စက္ခုဝတ္ထုကိုပင် မှီ၍ ပေါ်လာ၏။ စိတ်က နားဟူသော မှီရာ (သောတဝတ္ထု) ကို မှီ၍ ဖြစ်ပေါ်လာလျှင် စေတသိက်ကလည်း သောတဝတ္ထုကိုပင် မှီ၍ ဖြစ်ပေါ်လာ၏။ ဝတ္ထုရုပ်ခြောက်ပါးအနက် စိတ်မှီသော မှီရာဝတ္ထုကို စေတသိက်က မှီ၏။ ဤသို့ဖြင့် စိတ်နှင့် စေတသိက်တို့သည် မှီရာဝတ္ထုအားဖြင့် အမြဲ တူကြခြင်းဖြစ်ပါသည်။
  • စိတ်နှင့် စေတသိက်တို့၏ စပ်ဆက်မှုသဘောကို ရှေးကဆိုခဲ့သော လက္ခဏာသုံးပါးဖြင့် ပြလျှင် လုံလောက်သော်လည်း ရှေ့လက္ခဏာသုံးရပ်နှင့် ညီညွတ်သောတရားတို့သည်  မှီရာဝတ္ထုလည်း အမြဲတူကြတော့သည်ဟု သိစေလိုကြောင့်  "ဧကဝတ္ထုက" လက္ခဏာကို ထပ်မံ ပြဆိုခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် စတုဝေါကာရဘုံ (နာမ်ခန္ဓာလေးပါးသာရှိသော အရူပလေးဘုံ) ၌ ဧကဝတ္ထုကလက္ခဏာ မရနိုင်သောကြောင့် အများဆိုင်လက္ခဏာသုံးပါးကို အရင်ဆို၍ ပဥ္စဝေါကာရဘုံ (အရူပလေးဘုံ၊ အသညသတ်ဘုံမှတစ်ပါး ကျန်ဘုံများ) တို့သာ၌ ဖြစ်နိုင်သော ဧကဝတ္ထုကလက္ခဏာကို နောက်မှ ဆိုခြင်း ဖြစ်၏။
  • စေတသိက်လက္ခဏာ (၄) ပါးတို့ကို သေချာလေ့လာပါက စိတ် (consciousness) နှင့် စေတသိက် (mental factors) တို့သည် တစ်ခုတည်းဖြစ်၍ အများပြောဆိုနေကြသည့် စိတ် (mind) ပင် ဖြစ်၏။ အဘိဓမ္မာ၌ အများနားလည်အောင် ရှင်းလင်းရာ၌ လွယ်ကူစေရန် နှစ်ခု ခွဲထားခြင်း ဖြစ်ပါသည်။

တဏှာ (၃) မျိုး တရားတော်

တဏှာဆိုတာ မြင်စရာအာရုံ၊ ကြားစရာအာရုံ စတဲ့ အာရုံတွေမှာ ငြိတွယ်ပြီးတော့ စွဲလန်းနေတာ၊ တပ်မက်နေတာ ဖြစ်တယ်။ သစ္စာလေးပါးမှာ သမုဒယသစ္စာအရ တဏှာကို ယူရတယ်။ ဆိုတော့ တဏှာဆိုတာ ဒုက္ခ အစုစုရဲ့ အကြောင်းရင်း တရားခံပဲ။ ဒါ့ကြောင့် တဏှာအကြောင်း ကောင်းကောင်း သိသင့်တယ်။ တဏှာ ပါးရင်ပါးသလောက် ဒုက္ခတွေ၊ ပြဿနာတွေက နည်းနည်းချင်း ပါးပါးသွားလိမ့်မယ်။ တဏှာနိရောဓော နိဗ္ဗာနံ ဆိုတဲ့အတိုင်း တဏှာကုန်ရင် နိဗ္ဗာန် ရလိမ့်မယ်။

အဲဒီတဏှာကုန်ဖို့အတွက် လုပ်ရမှာက ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ ဆိုတဲ့ အတိုင်း တစ်ကြောင်းတည်းသော လမ်းပဲ ရှိတယ်။ အဲဒါက သတိဦးဆောင်တဲ့ မဂ္ဂင်ရှစ်ပါးပါပဲ။

အာရုံအနေနဲ့ ပြောရင် အာရုံခြောက်ပါးရှိတဲ့အတွက် တဏှာကလည်း (၆) မျိုး ရှိတယ်။ ဖြစ်ပုံ အခြင်းအရာ အနေနဲ့ ပြောရင်တော့ (၃) ပါးပဲ ရှိပါတယ်။

၁။ ကာမတဏှာ

ကာမတဏှာကို အဋ္ဌကထာတွေက နှစ်မျိုး ဖွင့်ကြတယ်။

နံပါတ် (၁) အဓိပ္ပါယ်က ကာမတဏှာဆိုတာ ကာမာဝစရ (၁၁) ဘုံကို စွဲလန်းတပ်မက်နေတာ။ သတ္တဝါတွေဆိုတာ ကိုယ်ဖြစ်နေတဲ့ ဘုံဘဝလေးတွေမှာ စွဲလန်း နေတတ်ကြတယ်။ တွယ်တာ နေတတ်ကြတယ်။

ကာမာဝစရ (၁၁) ဘုံမှာ လူ့ဘုံနဲ့ နတ်ပြည် (၆) ထပ်ကတော့ စွဲလန်းစရာ ကောင်းတာ မှန်တယ်။ တိရစ္ဆာန်လေးတွေကလည်း သူတို့ဘဝနဲ့ သူတို့ ကျေနပ် ပျော်ရွှင်နေကြတာပဲ။ အပါယ်လေးဘုံမှာ အထူးသဖြင့် ငရဲပြည်မှာ ဖြစ်ပြီ ဆိုရင်တော့ ကိုယ်ဖြစ်နေတဲ့ ငရဲ့ဘုံမှာ တွယ်တာမှု ဘယ်ရှိမှာလဲ။ ငရဲပြည်ကနေ ကျွတ်ချင် လွတ်ချင်တဲ့ စိတ်တွေ ပေါ်နေမှာပေါ့။ ကိုယ်ဖြစ်နေတဲ့ ဘုံမှာ မကြိုက်တဲ့ ဒေါသကိလေသာ နောက်က လိုက်လာတဲ့ ကျွတ်ချင်လွတ်ချင်တဲ့စိတ်၊ အခြားတစ်နေရာကို ရောက်ချင်နေတဲ့ စိတ်ကလေးက တဏှာပါပဲ။

ကာမတဏှာရဲ့ နံပါတ် (၂) အဓိပ္ပါယ်က မိမိ တွေ့ကြုံ ခံစားနေရတဲ့ အာရုံ (၆) ပါး တစ်ပါးပါးမှာ ငြိတွယ် စွဲလန်းနေတဲ့ သဘောပဲ။ အဲဒါကြောင့် သံယုတ်ပါဠိတော် မက္ကဋသုတ်မှာ မြတ်စွာဘုရားက တဏှာကို မျောက်နှဲစေး (ကော်) နဲ့ ခိုင်းနှိုင်းခဲ့တာ။ ကော်က ထိတဲ့အရာကို ကပ်ထားသလို သတ္တဝါတွေရဲ့ စိတ်ကလည်း အာရုံခြောက်ပါး တစ်ပါးပါးမှာ သွားကပ်နေတတ်တယ်။ ကာမတဏှာနဲ့ စွဲလန်း တပ်မက်တဲ့အခါမှာ အခြားအမြင်တွေ မရောယှက်တဲ့ စွဲလန်းတပ်မက်မှု သက်သက် ဖြစ်တယ်။


၂။ ဘဝတဏှာ

ဘဝတဏှာကိုလည်း အဋ္ဌကထာက နှစ်မျိုး ဖွင့်ပြတယ်။

နံပါတ် (၁) အဓိပ္ပါယ်က ရူပါဝစရ (၁၆) ဘုံ၊ အရူပါဝစရ (၄) ဘုံ၊ တစ်နည်းအားဖြင့် ပြောရင် ရူပါဝစရဈာန်၊ အရူပါဝစရဈာန်တွေကို စွဲလန်းတပ်မက်နေတာကို ပြောတာပါ။ သူက နည်းနည်း အဆင့်မြင့်လာတယ်။ ရူပါရုံစတဲ့ အာရုံငါးပါးနဲ့ ထိတွေ့လို့ ရတဲ့ အရာတွေကို မစွဲလန်းတော့ဘူး။ မကြိုက်တော့ဘူး။ စိတ်နဲ့လည်း ကာမဂုဏ် အာရုံတွေအကြောင်းကို တွေးတောမနေတော့ဘူး။ စိတ်နဲ့ပဲ ခံစားလို့ ရတဲ့ နီဝရဏကင်းတဲ့ ဈာန်တရားတွေမှာ ငြိတွယ် စွဲလန်းနေတာ။ အနာဂါမ်တွေတောင် ဒီတဏှာ ရှိသေးတယ်။

ဘဝတဏှာရဲ့ နောက်အဓိပ္ပါယ်တစ်မျိုးက ကိုယ်တွေ့ကြုံ ခံစားနေရတဲ့ အာရုံဟာ မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိ အမြင်နဲ့ စွဲလန်းတပ်မက်နေတာ။ ကိုယ်ကြိုက်တဲ့ အာရုံ၊ ကိုယ်သဘောကျတဲ့ ခံစားမှုတွေမှာ ငြိတွယ် စွဲလန်းနေတဲ့ တဏှာသဘော ဖြစ်တတ်တာ သဘာဝပဲ။

လူဆိုတာက ကိုယ်ကြိုက်တဲ့ အရာလေးတွေဆိုရင် မပြတ်မဆဲ အမြဲ တည်ရှိနေစေချင်တာကြတာပဲ။ ကိုယ်သဘောကျတဲ့ အာရုံကို စွဲလန်းနေတဲ့ အချိန်မှာ ဒါလေးက အမြဲတည်ရှိနေတယ်၊ အမြဲတည်တံ့နေမှာပဲ ဆိုတဲ့ မှားယွင်းတဲ့အမြင် (မိစ္ဆာဒိဋ္ဌိ)နဲ့ အတူတူ ဖြစ်တာ။ ဝိသုဒ္ဓိမဂ် (၂၊၂၀၂) မှာတော့ သဿဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဘဝတဏှာတိ ဝုစ္စတိ လို့ ဆိုထားတယ်။ ကိုယ်က မြဲတယ်လို့ ထင်ထားပေမဲ့ အနိစ္စသဘောနဲ့ ပျက်စီးသွားရင် ဒုက္ခ လှလှ ရောက်တော့တာပဲ။ အဲဒါကြောင့် တဏှာက ဒုက္ခရဲ့ ဇစ်မြစ်လို့ ဟောခဲ့တာ။

၃။ ဝိဘဝတဏှာ

ဝိဘဝတဏှာကိုလည်း အဋ္ဌကထာတွေက ပြောတဲ့အတိုင်း အဓိပ္ပါယ်နှစ်မျိုးနဲ့ မှတ်ရမယ်။ ပထမအဓိပ္ပါယ်က လက်ရှိ ရနေတဲ့ ဘဝကို ပြတ်ဆဲစေလိုတာ၊ မလိုချင်တော့တာ။ ဒါကလည်း တဏှာ တစ်မျိုးပဲ။ လက်ရှိဘဝကို မလိုချင်တာက ဘဝကို တွယ်တာတဲ့ တဏှာအစစ် မရှိလို့ မဟုတ်ဘူး။ လက်ရှိ ဘဝကို မနှစ်မြို့တဲ့ ဒေါသ၊ မကြိုက်တဲ့ အာဃာတတွေကြောင့် ဒီထက်ကောင်းတဲ့ အနေအထားကို လိုချင်တာ။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တဲ့ တဏှာပေါ့။

မြတ်စွာဘုရားက "ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော၊ သော အနုသေတိ" လို့ ဟောခဲ့တာ။ ဒုက္ခဝေဒနာရဲ့ နောက်မှာ ပဋိဃ (မကြိုက်မနှစ်သက်မှု) ဆိုတဲ့ ကိလေသာက ကိန်းနေတတ်တယ်။ ဝိသုဒ္ဓိမဂ် (၂၊၂၀၃) မှာတော့ "'ဒုက္ခီ သုခံ ပတ္ထယတိ" လို့ ဆိုထားတယ်။ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်က ချမ်းသာကို တောင်းတတယ်တဲ့။ လက်ရှိ ဖြစ်နေတဲ့ ပစ္စုပ္ပန်ကို မေ့ထားပြီး မရောက်သေးတဲ့ အနာဂတ်ကို မျှော်မှန်း တမ်းတနေတာ။ အဲဒါက တဏှာရဲ့ သဘောပါပဲ။

ဝိဘဝတဏှာရဲ့ ဒုတိယအဓိပ္ပါယ်က ပိုပြီး သိဖို့ ကောင်းတယ်။ ကိုယ် တွေ့ကြုံ ခံစားနေရတဲ့ အာရုံကို ပြတ်ဆဲစေလိုတာ။ အဲဒါက ဥစ္ဆေဒဒိဋ္ဌိ အမြင်နဲ့ စွဲလန်းတာပဲ။ အထူးသဖြင့် ကိုယ် သဘောမကျတဲ့ အာရုံ၊ ကိုယ်မကြိုက်တဲ့ ခံစားမှုတွေဆိုရင် ပြတ်ဆဲစေလိုတဲ့ စိတ်၊ ပြီးသွားစေလိုတဲ့ စိတ်ကလေး ပေါ်လာတတ်တယ်။ ကိုယ့်အလုပ်ကို ကိုယ်သဘောမကျတာ၊ ကိုယ့်အနေအထားကို ကိုယ်မကျေနပ်တာတွေက ဝိဘဝတဏှာရဲ့ သဘောတွေပဲ။

ကိုယ် လက်ရှိ တွေ့ကြုံနေရတဲ့ ဘဝကို မကြိုက်ရင် ပဋိဃဆိုတဲ့ ဒေါသကိလေသာ နောက်က လိုက်လာပြီ။ ဒုက္ခဝေဒနာရဲ့ နောက်မှာ ပဋိဃဆိုတဲ့ ဒေါသကိလေသာ မသိမသာ ကိန်းနေတတ်တဲ့ သဘောပဲ။ အဲဒါဆိုရင်တော့ ပြတ်ဆဲစေလိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ အမြင် ပါလာပြီ။ အာရုံတွေရဲ့ သဘောက အနိစ္စ (မမြဲခြင်း) သဘောတော့ ရှိတာပဲ။ ဒါပေမဲ့ ကိုယ်က မကောင်းတာ လုပ်ထားပြီဆိုရင် အဲဒီမကောင်းတဲ့ အာရုံတွေက တော်တော်နဲ့ မပြီးနိုင်ဘူး။ တစ်ခုပြီး တစ်ခု ထပ်ထပ် ဖြစ်နေတော့တာပဲ။ အဲဒီအချိန်မှာ အာရုံတွေ၊ ဒုက္ခဝေဒနာတွေကို ပြတ်ဆဲစေချင်တဲ့ ဥစ္ဆေဒဒိဋ္ဌိ သဘောက ဝင်လာရော။ ဒါဆိုရင် တစ်ပူပေါ် နှစ်ပူဆင့်တော့တာပေါ့။

ပုထုဇဉ်နဲ့ အရိယာပုဂ္ဂိုလ်တွေ ကွာတာက ပုထုဇဉ်တွေက ကာယိကဝေဒနာကိုရော စေတသိကဝေဒနာကိုရော နှစ်မျိုးလုံး ခံစားတယ်။ အရိယာပုဂ္ဂိုလ်တွေကတော့ ကာယိကဝေဒနာကိုပဲ ခံစားရတယ်။ သတိဆိုတဲ့ အထိန်းအကွပ်နဲ့ နေတော့ စေတသိကဝေဒနာက နောက်က လိုက်မလာနိုင်တော့ဘူး။

ဝေဒနာသံယုတ်၊ ဂေလညသုတ်မှာ မြတ်စွာဘုရားက မကျန်းမမာ ဖြစ်နေတဲ့ ဂိလာနရဟန်းဆောင်ကို သွားပြီး ဟောခဲ့တာလေး ရှိတယ်။ အဲဒီသုတ်ထဲမှာ ဒုက္ခဝေဒနာဟာ ခန္ဓာကိုယ်ကြီးကို မှီပြီး ဖြစ်ပေါ်လာတယ်။ ခန္ဓာကိုယ်ကြီးဆိုတာ အနိစ္စသဘော ရှိတယ်။ ခန္ဓာကိုယ်ကို မှီပြီး ဖြစ်တဲ့ ဒီဒုက္ခဝေဒနာကလည်း အနိစ္စသဘောပဲဆိုပြီး ဟောခဲ့တယ်။ ဒီတရားသဘောကို နားလည်ရင်တော့ ဝိဘဝတဏှာကို ပယ်ဖျောက်နိုင်မယ်။ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဖြေဆေး ပေးထားတယ်။ အဲဒါက သတိပဋ္ဌာန်တရားလေးပါးကို ပွားများဖို့ပါပဲ။ အဲဒီသုတ်မှာ ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဆိုတဲ့ ဝေဒနာ သုံးမျိုးလုံးက အနိစ္စပဲလို့ ဟောထားတယ်။

လူတွေက ချမ်းသာတာ၊ အဆင်ပြေနေတာကိုမှ အနိစ္စလို့ ထင်နေတတ်ကြတယ်။ ဆင်းရဲတာ၊ အဆင်မပြေတာတွေကလည်း အနိစ္စပဲလို့ သဘောပေါက်ရမယ်။ အောင်မြင်တာ၊ ချမ်းသာတာ၊ ကျော်ကြားတာတွေ အားလုံးက အနိစ္စပဲ။ အနိစ္စသဘောနဲ့ ခဏဖြစ်ပြီး ခဏခဏပျက်ပျက်သွားတဲ့ အောင်မြင်မှု၊ ချမ်းသာမှု၊ ကျော်ကြားမှုတွေကို ခဏခဏ ဖြစ်နေအောင် လုပ်ရင် ကိုယ့်ရဲ့ အောင်မြင်မှု စတာတွေက ကြာရှည်ခံမှာပဲ။
 
  • (၂၄၊ ၉၊ ၂၀၁၅) ရက်နေ့က ဟောခဲ့တဲ့ "တဏှာသုံးပါး" ဆိုတဲ့ တရားကို အနှစ်ချုပ်ပြီး ရေးထားတာပါ။ တရားပွဲကို လာရောက်နာယူကြတဲ့ ဆွေတော်မျိုးတော်များကို ကျေးဇူးအထူးတင်ပါတယ်။
  •     Photos by Mingalamaungme












ဆွမ်းခံခြင်း (ALMS GATHERING)

ဆွမ်းခံခြင်း (ပိဏ္ဍပါတ) ဆိုတာ ဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ ဘိက္ခုနီမများ ဆွမ်းရရှိဖို့ အလှူခံနည်း တစ်မျိုးဖြစ်ပါတယ်။ ဆွမ်းခံတာဟာ တောင်းစားတာနဲ့ ကွာခြားပါတယ်။ သူတောင်းစား တစ်ယောက်က တစ်ခုခု ရဖို့ နှုတ်နဲ့ တောင်းပြီး မေတ္တာရပ်ခံတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ ဘိက္ခုနီမများကတော့ ဖြစ်နိုင်ချေရှိတဲ့ အိမ်တွေရဲ့ ရှေ့မှာ ခေတ္တခဏ ငြိမ်သက်စွာ ရပ်တယ်။ အလှူခံပြီးတဲ့အခါ အခြားနေရာကို ဆက်လက် ထွက်ခွါသွားပါတယ်။ 

မဟာဝတ္ထုကျမ်း (Mahāvastu) မှာ “ပညာရှိရဟန်းကား မည်သည့်အရာကိုမျှ အလှူမခံ၊ သူတော်ကောင်း ရဟန်းကား သူ့လိုအပ်ချက်ကိုပင် အရိပ်အရောင် မပြ၊ အိမ်ရှေ့တွင် မတ်တပ်ရပ်၍ သပိတ်ကိုသာ လှစ်ပြ၏။ ဤသည်ကား သူတော်မြတ်တို့ ဆွမ်းခံနည်းတည်း” လို့ ဆိုထားပါတယ်။

သပိတ် (ပတ္တ) ဟာ ပရိက္ခရာရှစ်ပါး (requisites) မှာ တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ ဆွမ်းခံရာမှာ အသုံးပြီး အဲဒီသပိတ်နဲ့ပဲ ဆွမ်းစားကြပါတယ်။ ဆွမ်းခံခြင်းဓလေ့ဟာ သီရိလင်္ကာနိုင်ငံမှာ ကွယ်ပျောက်လုနီးပါး ဖြစ်သွားပြီး မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာတော့ တွင်တွင်ကျယ်ကျယ် ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ 
  • သပိတ်မှောက်ခြင်း - ပတ္တနိက္ကုဇ္ဇန (Turning Over the Bowl) ကိုလည်း ကြည့်ပါ။
(S. Dhammika ရဲ့ A Guide To Buddhism A to Z စာအုပ်မှ ထုတ်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)




  • မူရင်း  

ALMS GATHERING

Alms gathering (piṇḍapāta) is the means by which Buddhist monks and nuns get their food. This practice differs from begging. A beggar asks or pleads for alms whereas Buddhist monks and nuns only present themselves at the door of a potential donor, stand quietly for a few moments and after receiving something, move on. 

The Mahāvastu says: ‘The wise monk asks for nothing, the noble ones do not hint of their needs. They just stand and let their bowl be seen. This is how the noble ones gather alms.’ 

The bowl (patta) in which the food is received and later eaten out of, is one of the eight requisites of monks and nuns. The practice of gathering alms has almost died in Sri Lanka but is still common in Burma and Thailand. See Turning Over The Bowl
  • မူရင်းဝက်ဆိုက်ဘ်လိပ်စာ ကြည့်လိုပါက = Click here